Saturday, January 5, 2013
Tuesday, November 13, 2012
ရွှေသာလျောင်း က ရွှေလက်ရာ
ကျွန်မ က ကားမောင်းရင် အရေးမကြီး က ဖြေးဖြေးမောင်း မှ ကြိုက်သလို .... သမီး ကလည်း လမ်းမှာ ကျွဲ ၊ နွား ၊ ဆိတ် ၊ ကြက် ၊ ၀က် ... တွေ့သမျှ ၊ မြင်သမျှ ... အမေး အမြန်း ထူပြီး သွားတတ်သူမို့ ..... ကျွန်မ တို့ ရောက်တဲ့ အချိန်မှာ မနက် ( ၁၀ ) နာရီ နီးပါး ရှိပါပြီ .... Breakfast မက .... Lunch မကျ နဲ့ မနက်စာ ကို .... အဲဒီ နေရာလေး မှာ ဘဲ .... စားကြပါတယ် ..... သစ်ရိပ် ၊ ၀ါးရိပ် လေးတွေ နဲ့ သာသာယာယာ ရှိလှသလို .... ဒီဇိုင်း အမျိုးမျိုး ၊ အရွယ်အစား အမျိုးမျိုး နှင့် နာဂစ် သစ်ပင် တွေ နဲ့ ထုထား တဲ့ .... လှပ ခန့်ငြားနေတဲ့ မြန်မာမှု ပန်းပု လက်ရာတွေ ကို လည်း နေရာအနှံ့တွေ့မြင်ရပါသေးတယ် .... လှပတဲ့ ရှုခင်းလေးတွေ ကြည့်ပြီး .... မြန်မာမှု ၊ မြန်မာဟန် .... မြန်မာ ဓလေ့ အစား အစာတွေ နဲ့ စားရတဲ့ တစ်မနက်စာ က လည်း အလွန်တရာ မှ အရသာ ရှိနေပါတယ် .... စားသောက်ပြီးတော့ .... သူတို့ စီစဉ်ပေးတဲ့ ... ဘာဂီ လို့ ခေါ်တဲ့ ကား ကလေး နဲ့ ဥယျာဉ် အကျယ်ကြီး တစ်ခုလုံး လျှောက်ကြည့်ကြရင်း ... ရောက်လေရာ မှာ ဓာတ်ပုံ ရိုက်ချင်တဲ့ .... ကျွန်မ နဲ့ သမီး ကို ရှုခင်းလှ တဲ့ နေရာလေးတွေ မှာ သူ့ အဖေ ကျွန်မ ခင်ပွန်း သည် က ဓာတ်ပုံလေး တွေ လိုက်ရိုက်ပေးပြီး ..... သတ်မှတ်နေရာ အစုံ နှံအောင် ကားလျှောက်စီးပြီး မှ Resort သို့ ပြန်ရောက်ခဲ့ကြပါတယ် .... ကျွန်မ ခင်ပွန်းသည် က .... နေချင်သေးသလား .... တခြား လျှောက်သွားပြီး ပြန်ကြမလား ....ဘယ်သွားချင်သေးလဲတဲ့ .... မေးတော့ ... သမီး က ကစားကွင်းလို့ ဖြေပြီး .... ကျွန်မ က ပဲခူး သွားချင်တယ် .... လို့ ဖြေပါတယ် .... သူ က နေပူနေပြီနော် .... တဲ့ ..... ကျွန်မ က ထုံးစံ အတိုင်းဘဲပေါ့ .... ဆိုတော့ .... ကျွန်မ ခင်ပွန်းသည် က ကျွန်မ ရဲ့ ထုံးစံ အတိုင်း ကို သဘောပေါက်စွာ နဲ့ ..... လိုက်ပို့ပေးပါတယ် ....
ထုံးစံ အတိုင်းပေါ့ .... ဆိုတာ တခြား မဟုတ်ပါ .... အရှေ့ အခေါက်တွေ မှာလည်း ပဲခူး သွားလို့ .... နေရာ အစုံ မရောက်ဖြစ်ရင်သာ ရှိမယ် .... ကျွန်မ သဘောကျတဲ့ .... သူမ ရှိတဲ့ .... ထိုနေရာ ကို တော့ မမေ့မလျော့ ရောက်တတ်ပါတယ် .... သူမ ဆိုတာ တခြား မဟုတ်ပါ ..... ကျွန်မ အလွန်တရာ နှစ်သက် သဘောကျမိတဲ့ .... ပဲခူးမြို့ ၊ ရွှေသာလျောင်း ဘုရား .... ပရ၀ဏ် မှာ ရောင်းတဲ့ .... ငါးဖယ်ချဉ် ၊ ပုဇွန်ချဉ် ၊ မျစ်ချဉ် ၊ ရောင်းတဲ့ .... အခု ဓာတ်ပုံထဲ က အမကြီး ဆီဘဲ ဖြစ်ပါတယ် .... ကျွန်မ ပုဇွန်ချဉ် ၊ ငါးဖယ်ချဉ် ကြိုက်တယ် လို့ ... နားစွန်နားဖျား ကြားဖူးတဲ့ သူတိုင်း ... ပုသိမ် ရောက်သူ က ပုသိမ် က ပုဇွန်ချဉ် ၀ယ်လာကျွေးတတ်သလို ... ဒိုက်ဦး က လည်း ဒိုက်ဦး ပုဇွန်ချဉ် ၊ ပဲခူး က လည်း သူမ ... မဟုတ်သည့် တခြား ပဲခူး ပုဇွန်ချဉ် တွေ ၀ယ်လာကျွေးတတ်ကြပေမယ့် .... ကျွန်မ စားချင်သည် က .... သူမ ရောင်း သည့် .... ပုဇွန်ချဉ်ဘဲ ဖြစ်နေတာ ဘယ်သူ မှ မသိကြသလို .... သူမ နာမည် ကို ပဲခူး ရောက်တိုင်း အခါခါ မေးပေမယ့် .... တစ်ခါ နဲ့ တစ်ခါ သွားတာ အချိန် ခြားခြားသွားတဲ့ အတွက် .... ကျွန်မ သွားတိုင်း မေးတတ် သလို .... ရောက်တိုင်းလည်း မေ့တတ်ပါတယ် .... သူမ နာမည် မမှတ်မိသလို .... ဆိုင် နာမည် နဲ့ တံဆိပ် လည်း မမှတ်မိပါ ..... ပိုဆိုးတာ က ဒီ တစ်ခေါက် ဆို မရောက်တာ ( ၂ ) နှစ် နီးပါး ရှိပြီ ဖြစ်လို့ ..... ဆိုင် တော်တော် များများ ကလည်း ဆိုင်ခန်းတွေ ဖြစ်ကုန်ကြသလို ..... ကျွန်မ ပုံသေ မှတ်ထားတဲ့ ဈေးသည်တွေ ၊ ဆိုင်တွေ လည်း ပြောင်းလဲနေတာ .... ကားနဲ့ စ ၀င်လာကထဲ က တွေ့ရပါတယ် ..... ဘုရားဝင်းထဲ မှာ နေရိပ်လေး ရှာလို့ .... ကားရပ်ပြီး မှ ကျွန်မ တို့ လျောင်းတော်မူ မြတ်စွာ ဘုရား ရုပ်ပွားတော်ကြီး ကို သွားကန်တော့ကြပြီး မှ .... အေးအေး လူလူ နေချင်တဲ့ ကျွန်မ ခင်ပွန်း နဲ့ နေပူ လုံးဝ မခံနိုင်တဲ့ ဂျင်ဂျာလေး က ကားပေါ်မှာ ထိုင်စောင့်ပြီး .... ကျွန်မ နဲ့ ကျွန်မ တပည့်ကျော်မလေး တို့ နှစ်ယောက် .... ပြောင်းလဲနေတဲ့ အပြင်အဆင်တွေ ကြား မှာ .... ဘုရား ပရ၀ဏ် ကို စိတ်ရှည်ရှည် နဲ့ တစ်ပတ် ပတ်လျှောက်ရင်း တွေ့သမျှ ... ဈေးသည် ကျွန်မ ရှာသူ သူမလေလား ...လို့ .... မျက်နှာတွေ အတင်း ရုပ်ဖမ်းပြီး လိုက်ကြည့်ရသလို .... ဆိုင်ကြီး ကန္နားကြီး နဲ့ ရောင်းနေသူ တွေ ကို လည်း သူမ များလား လို့ .... မှန်းကြည့်ရတာ လည်း အမောပါဘဲ .... မတွေ့ မတွေ့ နှင့် နေကလည်း ပူ .... ခြေထောက် ကလည်း ဖိနပ် မပါ နှင့် ..... အရာတစ်ခု ကို စွဲလန်းမိရင် ..... ထို အရာ မှ ထိုအရာ .... ထို သူ မှ ထိုသူ ဆိုတဲ့ အကျင့် စရိုက် ကို မဖျောက်နိုင်တာ မို့.... ပြောင်းလဲနေ တဲ့ ဈေးသည် အမျိုးမျိုး ဘယ်လို တွေ့တွေ့ ၊ သူမ ကို မှ ရှာမတွေ့ရင် ကျွန်မ မ၀ယ်တော့ ဘဲ ပြန်ထွက် လာ မှာ အသေအချာပါ ....
ကျွန်မ က အမ ဆိုင် ကို ရှာလိုက်ရတာ အမ ရယ် .... မလာတာ ကြလို့ .... ပုံစံတွေ ပြောင်းကုန်လိုက်တာ ... မတွေ့တော့ဘူး ထင်လို့ .... လှည့်တောင် ပြန်ရတော့ မယ် ... ထင်နေတာ .... လို့ တရင်းတနှီး ပြောတာ ကို သူ ဖော်ဖော်ရွေရွေ ပြန်ဖြေပေမယ့် .... အကြာကြီးနေ မှ တစ်ခေါက် ရောက်တဲ့ ကျွန်မ ကို ဘယ်နှစ်ခါ ပြန်တွေ့တွေ့ သူ မှတ်မိပုံ မရသော်လည်း .... နောက်တစ်ခါ စားချင်ရင် ... ရော့ .... ဒီ ကတ်လေး ယူသွား ... ဖုံးဆက်လိုက် ညီမလေး ... အမ ... ရန်ကုန် အထိ လာပို့ပါမယ် ... တဲ့ ..... ကြားရ တဲ့ လောက၀တ် စကား .... ဟုတ် ဟုတ် ၊ မဟုတ်ဟုတ် .... တော်တော် စိတ်ချမ်းသာစရာကောင်း လှတာ မို့ .... သူ ရောင်းနေကျ .... ပုဇွန်ချဉ် ၊ ပုဇွန်ထုပ်ကြီးချဉ် ၊ ငါးဖယ်ချဉ်တွေ အပြင် ... ဒီ တစ်ခေါက် မှ သူ အသစ် တင်ရောင်းနေတဲ့ .... ငါးပိထောင်းဘူးကြီးတွေ ပါ ... သူ့ ကို ခင်တဲ့ စိတ် နဲ့ ( ၅ ) ဘူး တိတိကြီးများတောင် အားပေးလာ မိသလို .... နှုတ်ဆက် ပြန်ထွက်ပြီး .... ကားနားရောက် မှ စိတ်ကူးပေါက် ပြီး .... အင်တာနက် ကောင်းကောင်း သုံးတတ်နေပြီ ဖြစ်တဲ့ ကျွန်မ .... အတွက် ... စာရေးဖို့ ... အကြောင်း တစ်ခု စိတ်ကူးရ လာတာမို့ .... လိုတာထက် ပိုကြာလို့ ကျွန်မ ယောကျာ်း စိတ်တိုနေမှာ သိပေမယ့် ....မသိချင်ယောင်ဆောင်လို့ ... ခဏဆို .... ပြန်ပြေး ထွက်ပြီး ..... ကျွန်မ ၀ယ်နေစဉ် ထက် လူ နည်းနည်း ရှင်းနေပြီ ဖြစ်တဲ့ .... သူမ ဆိုင် ကို .... မျက်နှာပူပူ ၊ ရယ်ကျဲကျဲ နဲ့ ခွင့်တောင်းပြီး ဓာတ်ပုံ ရိုက်လာခဲ့ မိပါတယ် .... ကားပေါ်ရောက်တော့ ကျွန်မ တပည့်ကျော်မလေး ကို .... တွေ့လား .... သမီး .... ဈေးရောင်းတဲ့ ပစ္စည်းချင်း တူပေမယ့် .... ရောင်းတဲ့ ပုံ မတူ ၊ စေတနာ ထားပုံ မတူတော့ .... ရောင်းရတာ ၊ မရောင်းရတာ က အစ .... တခြားဆိုင် နဲ့ သူ့ ဆိုင် ဆို ကွာတယ် .... တွေ့တယ် ... မဟုတ်လား .... ဈေးရောင်းတယ် ဆိုတာ .... ဘာဘဲ ရောင်းရောင်း ... ချိုနေရသလို ... စေတနာ စိတ် ကလေး နဲ့ တွဲရောင်းတတ်ရပြီး .... မျက်နှာ ကြီးငယ် က အစ ... မခွဲခြား ဘဲ ရောင်းတတ်တဲ့ သူ ဖြစ်ရတယ် ... လို့ ....မနေနိုင် ၊ မထိုင်နိုင် ဆုံးမ လိုက်မိပါသေးတယ် ......
ကျွန်မ
အိမ်ပြန်ရောက်တော့ .... ကျွန်မ ဆိုင် က ကလေးတွေ က ကားပေါ် က ချတဲ့ ....
ငါးဖယ်ချဉ် ၊ ပုဇွန်ချဉ်ထုပ်တွေ တပုံကြီး ကို မြင်ပြီး ကျွန်မ
အမွှန်းတင်နေတာ မရိုးတမ်း ကြားရတော့မှာ မို့ .... မျက်နှာတွေ က စပ်ဖြဲဖြဲ
.... ပြုံးစေ့စေ့ တွေနှင့် .... အမ .... ဒီ ညစာ သုတ်မှာလား ... လို့
လာမေးတဲ့ သူလည်း ရှိပါသေးတယ် .... ကျွန်မ က မနက်ဖြန် မှ စားမယ်နော် ....
မတော်တဆ ... ဒီည စားမိလို့ ... မချဉ်သေးရင် ... အမ ဈေးသည် နာမည်
ပျက်မှာစိုးလို့ ... လို့ ... ပြန်နောက်ပြီး ပြောလိုက်ရသေးလို .....
မနက်ဖြန် ကျရင် ... အမ သုတ်ပေးပါမယ် .... သမီးတို့ သုတ်ရင် မကောင်းမှာ
စိုးလို့ ဟု .... မဆီမဆိုင် ကြော်ငြာမိတဲ့ ကျွန်မ ..... ကိုယ့် အတတ် နှင့်
ကိုယ် ... ပြန်ဆူးနေရ ပါသေးတယ် .... အဲဒီလိုပါ ဘဲ ... ထိတ်တန်း လျို့ဝှက်ချက် ... ဆိုတဲ့ Note မှာ .... ကျွန်မ ရေးခဲ့ဖူးသလို .... ကျွန်မ လက်ရှိ လုပ်ကိုင်နေရတဲ့ အလုပ် တော်တော်များများ ကို သင် ဆရာ နှင့် သင်လာခဲ့တာ မဟုတ်ဘဲ ..... ကျွန်မ နည်း နှင့် ကျွန်မ အာရုံ စူးစိုက်စွာဖြင့် ... စိတ်ဝင်တစား လေ့လာပြီး လုပ်ခဲ့ရခြင်း သာ ဖြစ်သလို ... ကျွန်မ ဆိုင်ဖွင့်ခဲ့တဲ့ ... ( ၈ ) နှစ် နီးပါးစာ သက်တန်း တလျှောက်လုံး ၏ ကောင်း ၏ / မှန်၏ ဆိုတာ များကိုလည်း .... ပဲခူး က .. ပုဇွန်ချဉ် ၊ ငါးဖယ်ချဉ် ရောင်းတဲ့ ... အမကြီး နှင့် တကွ ... ကျွန်မ နေ့စဉ် တွေ့ကြုံ သွားလာ ကျင်လည်နေတဲ့ ... နေရာ အသီးသီး ... အလုပ် အသီးသီး မှ .... ဆိုင်ရှင် များစွာ ၊ ၀န်ထမ်းများစွာ ၊ တွေ့ကြုံ ၊ ဆက်ဆံ ၊ ကျင်လည် ခဲ့ရသမျှ လူပေါင်းများစွာ ကို မြင်ဆရာ ရယ်လို့ သတ်မှတ်ပြီး .... ကျွန်မ စိတ်ထဲ မှာ ခံစားခဲ့ရတဲ့ ကောင်းချက် မှန်သမျှ .... အတု ခိုးပြီး လုပ်ကိုင် ဆောင်ရွက် ခဲ့ရခြင်း ဖြစ်သလို .... ကျွန်မ နှင့် တကွ ကျွန်မ ဆိုင်ရှိ ကလေးများ အားလုံး အတွက် မှား၏ / ဆိုး၏ ... ဆိုတဲ့ ရှောင်ကြဉ်စရာ အချက်များစွာ ကို လည်း .... ကျွန်မ ပတ်ဝန်းကျင် မှာ သိ ၊ ကြား ၊ တွေ့ ၊ မြင် ၊ ခံစားခဲ့ရသည့် ... အဆိုး သရုပ်ပြ ... အလုပ် အသီးသီး ၊ ဆိုင် အသီးသီး ၊ ၀န်ဆောင်မှု အသီးသီး မှ ... သင်ယူခဲ့ရသည် ချည်းသာ ဖြစ်ခဲ့ပါတယ် ....
ဒီ Note လေး ရေးဖို့ရယ် လို့ .... ဒီကနေ့ ပဲခူး ရောက်သွားခဲ့တာ မဟုတ်ပေမယ့် ..... ရှေးအရင် အခေါက်များစွာ ကထဲ က .... ဘယ်နေရာ သွားသွား ... ဘယ် ဆိုင် ရောက်ရောက် ၊ ဘယ်သူ နဲ့ တွေ့တွေ့ ... ရောင်းရရင် ... ဘာကြောင့် ရောင်းရတယ် ... မရောင်းရရင် ... ဘာတွေ အားနည်းနေတယ် ... က အစ ... တွေ့ရာ မြင်ရာ မှန်သမျှ ၏ အားသာချက် ... အားနည်းချက် ကို လေ့လာတတ်သလို ... ကျွန်မ နှစ်သက်လေးစား အားကျမိသည့် ..... လုပ်ငန်းခွင် လောက အသီးသီး မှာ အောင်မြင်နေသည့် ... လူ ပုဂ္ဂိုလ် မှန်သမျှ ၏ ကောင်းချက် ၊ ဆိုးချက် ၊ အားသာချက် ၊ အားနည်းချက် ... များကို မြင်မြင်သမျှ ... လေ့လာပြီး အတုခိုး သင်ယူလေ့ရှိသည့် .... ကျွန်မ ၀ါသနာကြောင့် .... ကျွန်မ အလုပ် ကျဆင်းချိန် တချိန်တုန်း က ... မရည်ရွယ်ဘဲ ပဲခူးရောက်လို့ ... အမှတ်မထင် မြင်မိခဲ့တဲ့ သူမ သည်လည်း ကျွန်မ အတုခိုး နှစ်သက်ခဲ့ဖူးသည့် မြင်ဆရာ များစွာထဲမှ မြင်ဆရာ တစ်ယောက် လို့ ... သတ်မှတ်မိပါသောကြောင့် ..... အမှတ်မထင် ပညာ ရခဲ့ဖူးသည့် အသိတရားလေး တစ်ခု အတွက် .... အမှတ်တရ ထည့်သွင်းရေးဖြစ်ခဲ့သလို .... သူမ ဆိုင် မှာ ... ယခု ထက် ပိုပြီး ကောင်းမွန်အောင် .... လုပ်မယ် ဆိုရင် လုပ်လို့ရတာတွေ အများကြီး ရှိနေသေးတယ် ... ဆိုတာ ကျွန်မ အခုနေ အချိန်မှာ တွေ့မြင် နားလည် မိပေမယ့် လည်း .... တစ်ခုသော အချိန်မှာ .... သူမ စေတနာ နှင့် သူမ လက်ရာကြောင့် ပိုမိုကောင်းမွန်သည့် အသွင် သဏ္ဍာန်သစ် တစ်ခု နှင့် ကမ္ဘာကျော် သည့် မြန်မာ အစားအစာ တစ်ခု ဖြစ်လာစေချင်သည့် .... ကြီးကျယ်စွာ အောင်မြင်စေချင်သော စိတ်ကူး စေတနာ များစွာကြောင့် .... ဒီ Note လေးမှာ ထည့်သွင်း ကြော်ငြာပေးခဲ့ရင်း .....
ရွှေသာလျောင်း က ရွှေလက်ရာ ... တစ်ချိန် မှာ ကမ္ဘာကျော်သည့် မြန်မာ စားစရာ ဖြစ်နိုင်ပါစေ .... လို့ .... ဆန္ဒများစွာဖြင့် .....
ကျွန်မ ချစ်သော ရဲဘော်များ နှင့် ပျော်ရွှင်ရမည့် မွေးနေ့ခရီးစဉ်လေး တစ်ခုဆီ .....
ကျွန်မ ချစ်သော ရဲဘော်များ နှင့် ပျော်ရွှင်ရမည့် မွေးနေ့ခရီးစဉ်လေး တစ်ခုဆီ ........
မနက်ဖြန်မှာ
ကျရောက်မယ့် ..... ကျွန်မ ၏ ( ၃၄ ) နှစ် ပြည့် မွေးနေ့မှာ ..... ကျွန်မ
ချစ်သော အလုပ် နှင့် ကျွန်မ ချစ်တဲ့ ဆိုင်က ကလေးတွေ အတွက် အမှတ်တရ
ရှိစေချင်သလို ..... နောင် တချိန် မှာ အောင်မြင်သော လုပ်ငန်းရှင် ဖြစ်အောင်
ကြိုးစားချင်နေကြတဲ့ မောင်လေး ၊ ညီမလေး တွေ နဲ့ လုပ်ငန်း အသီးသီး မှာ
တာဝန် ကိုယ်စီ နဲ့ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်း ကလေး တွေ အားလုံးကို ....
အလုပ်ရှင် ရယ် ၊ ၀န်ထမ်း ရယ် မခွဲခြားဘဲ တက်တက် ကြွကြွ နှင့် မိမိ တို့
အားလုံး သွားချင်ကြသည့် အောင်မြင်သော လုပ်ငန်း တစ်ခု ဆီ ကို ညီညီ ညွတ်ညွတ်
ခရီး ဆက်စေချင်တဲ့ စိတ်ဆန္ဒ စေတနာ နဲ့ ..... ကျွန်မ ၏ မွေးနေ့ အမှတ်တရ
အဖြစ် ဒီ Notes လေး ကို ကြိုးစားပြီး ရေးဖြစ်ခဲ့ခြင်း ဖြစ် ပါတယ်
...... အောင်မြင်သော လုပ်ငန်း တစ်ခု ကို တည်ထောင်နိုင်ရန် အတွက် ..... ငွေ အရင်းအနှီး ၊ အချိန် ၊ အတွေ့အကြုံ ၊ အရည်အချင်း ၊ အတတ်ပညာ ၊ လုပ်ငန်း ကျွမ်းကျင်မှု ....စသည် တို့ လိုအပ်သကဲ့ သို့ ....အရည်အချင်း မြင့်သော ...... ၀န်ထမ်းကောင်း များစွာလည်း လိုအပ်ပါတယ်....အရည်အချင်း မြင့်သော .... ၀န်ထမ်း ၏ အရည်အသွေး ဆိုသည် မှာ အလုပ် ကို မခိုမကတ်ဘဲ အပတ်တကုတ် ကြိုးစား လုပ်ကိုင်ခြင်း ၊ မိမိ ကိုယ်ပိုင်ငွေ ဖြင့် ဖွင့်ထားသော ဆိုင် / အလုပ် ဟူ သကဲ့သို့သော စိတ် မျိုးဖြင့် အလုပ် အပေါ် စေတနာ ထားဆောင်ရွက်တတ် ခြင်း ၊ မိမိ ကို ထမင်း ကျွေးသော အလုပ်အပေါ် သစ္စာရှိခြင်း ၊ ကတိ တည်ခြင်း ၊ နာခံတတ်ခြင်း ၊ တာဝန်ယူတတ်ခြင်း ၊ အချင်းချင်း တွဲခေါ် တတ်ခြင်း ၊ စိတ်ဝင်စားစွာ စူးစမ်း လေ့လာတတ်ခြင်း ၊ မည်သည့် အလုပ်ကို မဆို ၀င်ရောက် လုပ်ကိုင်လိုစိတ်ရှိခြင်း ၊ မှားလျှင်ပြင် တတ်ခြင်း ၊ အောင်မြင်လာလျှင် လည်း စိတ်ထား မပြောင်း တတ်ခြင်း ၊ ကျေးဇူးသိတတ်ခြင်း ... စသည့် အချက်များ ဖြစ်ပါသည် ။
ဝန်ထမ်းများ ဘက် က ထိုသို့သော အရည်အချင်းများ ပြည့်ဝရန် လိုအပ်သလို ..... အလုပ်ရှင် များဘက် မှ လည်း အပြန်အလှန် ငဲ့ညှာထောက်ထား သိတတ်ခြင်း ၊ ထူးချွန်သော သူ များ ကို ချီးမြှင့်မြှောက်စား တတ်ခြင်း ၊ မိမိ ၀န်ထမ်း အပေါ် ယုံကြည်မှု ရှိခြင်း ၊ မိမိ ၀န်ထမ်း ၏ ကောင်းကွက် ကို ထုတ်ဖော် ပြောကြားခြင်း ၊ ၀န်ထမ်း ၏ အရည် အသွေး ကို လိုက် ၍ မိမိ တတ်ကျွမ်းသည့် ပညာများ ကို မျှဝေ သင်ကြားပေးခြင်း ၊ မိမိ တို့ အလုပ်နှင့် ပတ်သက် သည့် ပြောင်းလဲ လာသော ခေတ် ကို မျက်ခြေ မပြတ် ကြည့်ရှုစေပြီး ၊ မိမိ ၀န်ထမ်း ကို လည်း မျက်စိ ပွင့်အောင် လက်တွဲ သင်ကြားပေးခြင်း ၊ လုပ်ကိုင် ရသော လုပ်ငန်း အမျိုးအစားပေါ်မူတည် ၍ မိမိ ၀န်ထမ်း ၏ အရည်အသွေး ပိုမိုတိုးတက် မြင့်မား လာအောင် တွဲခေါ် သင်ကြားပေးခြင်း ၊ ၀န်ထမ်း အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိစေခြင်း ၊ မိမိ က စ ပြီး မိမိ အလုပ်နှင့် ၀န်ထမ်း များ ၏ အကျိုးမဲ့သော စကား ကို မပြောခြင်း ၊ မိမိ ဘက် က မှားခဲ့လျှင်လည်း ၀န်ထမ်းများရှေ့တွင် ၀န်ခံတတ်ခြင်း ၊ အပြန်အလှန် ကျေးဇူးသိတတ်ခြင်း ၊ အပြန်အလှန် စောင့်ရှောက်မှု ရှိခြင်း ၊ အပြစ် ရှိသော သူကို အပြစ်အလိုက် ထိုက်တန်စွာ ဆုံးမ အရေးယူခြင်း စသည် တို့ ဖြစ်ပါတယ်....
အလုပ် တော်တော်များများ မှာ အဓိက အကျဆုံးနီးပါး ပြသနာ က ၀န်ထမ်း ပြသနာဘဲ ဖြစ်ပါတယ် ..... ဘယ် ကုမ္ပဏီ သွားသွား...ဘယ်လို ဆိုင်ကြီးငယ် မဆို ရောက် သွား မိတဲ့အခါတိုင်း ...... ၀န်ထမ်း က ဗြုန်းစားကြီး နယ်ပြန်သွား လို့... အလုပ်ထွက်သွားလို့....သူတို့ မရှိရင် မဖြစ်ဘူးဆို တဲ့ အချိုးချိုးလို့၊ ပညာ တစ်ခု တတ်လာတာ နဲ့ ကန် သွားလို့.... ခြေရာ ယှဉ်လို့ ၊ အချင်းချင်း မညီညွတ်လို့..... စသဖြင့် အမျိုးမျိုးသော အကြောင်း အရာ တွေ နဲ့.... အပ်ကြောင်း မထပ်အောင် ကြားရတတ်သလို .... မိမိ တတ် သည့် ပညာ မိမိ ၀န်ထမ်း ကို ပြန်လည် မျှဝေပေးလိုက်ရင် ထိုသူ ထွက်လျှင် ပါသွားမှာ စိုးသဖြင့် သိသင့်သည့် လုပ်ငန်းပိုင်းဆိုင်ရာ ဗဟုသုတများ ကို အကုန် သင်မပေးဘဲ သိသင့်ရုံ မျှသာ အလွတ် ရိုက်သွင်းသင်ပြီး မျက်စိပိတ် ၊ နားပိတ် ထိန်ချန် ကွယ်ဝှက်ထားကြတာမျိုးလည်း ရှိတတ်ပါတယ် ....
တကယ်တမ်း မှာ တော့ အလုပ်ရှင် နဲ့ ၀န်ထမ်း ဆိုတာ .... အချင်းချင်း အပြန်အလှန် မှီခို နေရသူ များ ဖြစ်ပါတယ်...အလုပ်ရှင် မှာ ပိုက်ဆံ ရှိ ၊ ပညာတတ် ပါသော် လည်း ..... အဆင့်အနေအထား အမျိုး မျိုး ကို လိုက်၍ ... မိမိ ကို ၀ိုင်းကူပေးမည့် ၀န်ထမ်းတွေ လိုအပ်သလို... ၀န်ထမ်းတွေ ဘက် မှ လည်း မိမိ တို့ တတ်ကျွမ်းသည့် အတတ် ပညာ ၊ အရည်အချင်း ကို အသုံးချရန် အတွက် .... အလုပ်ရှင် ဆိုတာ လိုအပ်ပါတယ် .... ၀န်ထမ်းဘက် မှ...ချွေးသွေး ..... စသည်တို့ကို လုပ်အားအဖြစ် ရင်းနှီး ပေးဆပ်ရသလို ..... အလုပ်ရှင်များ ဘက်မှလည်း အတတ် ပညာ ၊ အချိန် ၊ ငွေ ၊ နေရာ ရင်းနှီးမှု ၊ လေ့လာမှု ၊ အတွေ့အကြုံ စသည်တို့ ကို ပေးဆပ်ရတာ မတူညီတဲ့ အတွက်သာ .... ၀န်ထမ်း နှင့် အလုပ် ရှင် ... ရရှိသည့် အကျိုးအမြတ် ကွာခြားနေတာ က လွဲလို့..... တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် မှီခိုနေရသူခြင်း အတူတူပင်ဖြစ်ပါတယ် ....ထို့ အတွက် ၀န်ထမ်းကောင်း ကို လိုချင်လျှင် အလုပ်ရှင်ဖြစ်သည့် သူများ ကိုယ်တိုင် က စပြီး ကောင်းနေဖို့ လိုအပ်သကဲ့သလို့ .... မိမိ အလုပ် အတွက် အမှန်တကယ် သင်ကြားပေး ထားရန် လိုအပ်သည့် လူမှု ဆက်ဆံရေး ၊ လုပ်ငန်း လေ့လာ ကျွမ်းကျင်မှု နှင့် ဆက်စပ် အတတ်ပညာ ၊ သိထားသင့်သည့် ဗဟုသုတ မှန်သမျှ ကို မချွင်းမချန် သင်ပေးထားပါမှ .... မိမိ ၀န်ထမ်း ၏ အရည် အသွေး မြင့်မားလာသည့် နှင့် အမျှ မိမိ အလုပ် ၏ Image ဆိုတာ လည်း အလိုလို မြင့်မား တိုးတက်အောင်မြင်လာနိုင် မည် ဖြစ်ပါတယ် .....
ကျွန်မ ၏ GINGER Beauty Land မှာ လည်း ကျွန်မ စိတ်တိုင်းကျ ပုံသွင်း ပြုစု ပျိုးထောင်ထားတဲ့ ၀န်ထမ်းကလေးတွေ များစွာ ရှိပါတယ် .... ကျွန်မ အလုပ်တွင် ကျွန်မ လိုချင်သလို .... ပုံစံသွင်းပြီးခေါ်ရသည့် ၀န်ထမ်း အသစ်လေးများ ကို '' ပျိုးပင်ပေါက်လေးများ '' လို့ သတ်မှတ်ပြီး ကျွန်မ နှင့် ကောင်းကောင်း ၊ ဆိုးဆိုး / သာ ၏ ၊ နာ ၏ .... မခွဲခြားဘဲ သေအတူ ၊ ရှင်မကွဲ လက်တွဲ လုပ်ကိုင်လာသည့် အရည်အချင်း နှင့် ၀န်ထမ်း ဖြစ်လာလျှင်တော့ ကျွန်မ ၏ လုပ်ဖော် ကိုင်ဘက် လက်တွဲဖော် လက်တွဲဘက် ရဲဘော် ရဲဘက်များလို့ကျွန်မ ယုံယုံကြည်ကြည် နဲ့ သတ်မှတ် လက်ခံပါတယ် .... ကျွန်မ မှာ တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန် မှီခို နေရတဲ့ ၀န်ထမ်း လည်း ဟုတ် ..... ညီအမ တွေ ဆိုလည်း ဟုတ် .... အလုပ် လုပ်ဖော်ကိုင်ဘက် ….. ရဲဘော်ရဲဘက် ဆိုလည်း ဟုတ်တဲ့….. ၀န်ထမ်း များစွာ ရှိပါတယ် .... သူတို့လေးတွေ အသီးသီးမှာ … ကောင်းတာ ရှိသလို….. အနည်းနဲ့ အများတော့ .... အားသာချက် / အားနည်းချက် ကလေးတွေ ရှိကြပေမယ့် အလုပ် စခေါ် ပုံသွင်း ကထဲ က ကျွန်မ စိတ်ကြိုက် ကျွန်မ အလုပ်နှင့် အံဝင်ခွင်ကျ အဖြစ်ဆုံး ကို သာ ရွေးခြယ်ခေါ်ယူ၍ လက်တွဲ ခေါ်ယူ သင်ကြား ထားခြင်း ဖြစ်သည့် အတွက် ... တစ်ကြိမ် တစ်ခါ မှ အလုပ် မလုပ်ဖူးသူ မို့ ..... ၀င်ဝင်ခြင်း မှာ အလုပ် နှင့် လူမှု ဆက်ဆံရေး နားမလည်တတ်ရင်သာ ရှိမယ် .... တံငါ နားနီး - တံငါ ၊ မုဆိုးနားနီး - မုဆိုး ဆိုသည့် အတိုင်း လိမ္မာသည့် Senior ၀န်ထမ်းတွေ … ကြားမှာ အဆင့်ဆင့် Senior , Junior တွဲခေါ် သင်ရင်း လိမ္မာသည့် ကလေး များစွာ ဖြစ်လာကြတာ မို့ သူတို့ အားလုံး ၏ မတူညီသည့် စိတ်နေ စိတ်ထားနှင့် ကြီးပြင်း လာသည့် ဓလေ့စရိုက် ၊ ဖြတ်သန်းလာရသည့် မိသားစု အခြေအနေများ ကို က အစ အတတ်နိုင်ဆုံး နားလည်အောင် လေ့လာပြီးမှ လိုအပ်သလို သင်ကြားတွဲခေါ်ပေးထားခဲ့တဲ့ ကလေးများ သာ ဖြစ်ကြသလို … အောင်မြင်တဲ့ အလုပ် တစ်ခု ဖြစ်အောင် ..… သူ့နည်း သူ့ဟန် နဲ့ သူ တက်ညီ လက်ညီ အလုပ် ကြိုးစားပြီး ချီတက်နေကြတဲ့ ရဲဘော် ရဲဘက်များ လည်းဖြစ်ကြပါတယ် …...
စန္ဒာသူ ကတော့ .... ကျွန်မ ရဲ့ ညီမ တစ်ဝမ်းကွဲ ဖြစ်ပြီး ချောက်မြို့ ဇာတိ ဖြစ် ပါတယ် …... ကျွန်မ ဆီမှာ ( ၆ ) နှစ် ကျော်မျှ အချိန် အကြာဆုံး လက်တွဲ လုပ်ကိုင်ခဲ့ သူလည်း ဖြစ်သလို ...... အမြဲတစေ ကျွန်မ ..... ကျွန်မ နှင့် ကောင်း တာ ဆိုးတာ မှန်သမျှ ကို မျှဝေ ခံစားရင်း ကျွန်မ စိတ် ၊ ကျွန်မ လိုချင်တဲ့ ပုံစံ နဲ့ အံမ၀င် ၀င်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး လိုက်လျော ညီထွေ လုပ်ကိုင်ပေး တတ်သူ လည်း ဖြစ်ပါတယ် …… ညီအမ တစ်ဝမ်းကွဲ ဆိုသည့် အခွင့်အရေး ဘာတစ်ခု မှ မယူခဲ့ဘဲ အလုပ် မှာ အလုပ် ထုံးစံ အတိုင်း အများ နှင့် တန်းတူ လုပ်ကိုင် နေထိုင်တတ်သူသာ ဖြစ်ပါတယ် .... အလုပ်ဝင်ခါစ မှ နှစ်အတန်ကြာ အထိ ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှု မရှိသူ လို့ သတ်မှတ်ပြီး ကျွန်မ အမြဲ မယုံမကြည် ဆက်ဆံကာ အပြစ်မြင်တတ်ခဲ့ပြီး .... ကျွန်မ က စ အပြစ်မြင်ခဲ့တဲ့ အတွက် ... သူ က ပိုပိုပြီး သူ့ကိုယ်သူ ယုံကြည်မှု ကင်းမဲ့နေတတ်တဲ့ အတွက် ကျွန်မ အမြဲ အားမလို အားမရ ဖြစ်ခဲ့ရ ဖူးသူ ဖြစ်ပါတယ် ..... အဲဒီလို က နေ လုပ်သက် အတန်ကြာလာ လို့ ကျွန်မ ကိုယ်တိုင်လည်း အလုပ် အတွက် အကျိုးရှိစေမယ့် အပြင် သင်တန်းလေးတွေ လိုက်တက်ရင်း မှ ကျွန်မ က စပြီး ကိုယ့် ၀န်ထမ်း ၏ အရည်အသွေး ကို မယုံမကြည် ဆက်ဆံနေလျှင် ထိုသူ အတွက်ပြောင်းလဲ တိုးတက်လာရမည့် အရည်အချင်းဆိုတာ တဖြည်းဖြည်း ပျောက်ဆုံးသွားစေသည် ကို နားလည်လာမိသည် က စပြီး ...... ကျွန်မ က စလို့ အမှားပြင်ကာ သူ မှ စလို့ ၀န်ထမ်းများ အားလုံး ၏ အရည်အသွေးအလိုက် ယုံယုံကြည်ကြည် ဆက်ဆံခဲ့ပြီး သကာလ သူ လည်း တဖြည်းဖြည်း ကြိုးစားပြောင်းလဲလာခဲ့ရာ ....ယခုဆိုလျှင် သူ မရှိရင် မဖြစ်သည့် သင်တန်း နည်းပြ နှင့် Facial ကျွမ်းကျင်သူ တစ်ယောက် အနေအထား အထိ လက်ခံ ယုံကြည်နေရ ပြီ ဖြစ်ပါတယ် .....
မအိ ဟိုင်းကြီး ကျွန်းသူလေး အိသဇင်မြင့် ဖြစ်ပါတယ်….. GINGER မှာ အလုပ်ဝင်တာ ( ၅ ) နှစ် နီးပါး ရှိပြီ ဖြစ်ပြီး…... အဆင်မပြေတဲ့ မိဘ ကြားမှာ .....မွေးဖွား ကြီးပြင်း လာရသလို …... ရုတ်တရက် ကြည့်ရင် မသိသာပေ မယ့် သေချာ ဆက်ဆံ ကြည့်ရင် အရာရာ ကို အမှားမခံ ထိလွယ်ရှလွယ် ခံစားလွယ်ပြီး တစ်ခါတစ်ရံ အင်မတန် မှ နားလည်ရ ခက်သူ လည်း ဖြစ် ပါတယ်..... အရာရာ ကို ဦးဆောင်လိုစိတ် ရှိပြီး ကျွန်မ မလုပ်ချင်တဲ့ အလုပ် နဲ့ပတ်သက်တဲ့ လူမုန်းခံရမယ့် အလုပ်တိုင်း ကို ဒိုင်ခံ အမုန်းခံပြီး လုပ်ပေးတဲ့သူ လည်း ဖြစ်ပါတယ်… အလုပ်မှာ အဆင်မပြေတာ များလာလို့… စိတ်ညစ်ငြီးငွေ့ စွာနဲ့… သူ့နယ် ကို ဘယ်လောက်ဘဲ ပြန်သွားသွား…အဝေး ရောက် သွားရင် အလုပ်မှာ အဆင် မှ ပြေပါ့မလား ..... လူ ကျနေရင် ကသီနေမလား စိတ်ပူစွာ နဲ့… ဘယ်လောက်ဘဲ စိတ်ညစ်လို့ အိမ်ပြန်ပြန် GINGER ကို သံယောဇဉ် မပြတ်နိုင်စွာ နှင့် ပြန်ပြန်လာတတ်သူ ၊ ဆိုင် နာမည်ပျက် မှာ လည်း အင်မတန် ကြောက်ပြီး စိတ်ပူတတ်သူ ၊ ကျွန်မ ဆိုင် ကို အလွန်တရာ မှ အောင်မြင်စေချင်သူ ဖြစ်သလို… ကျွန်မ တို့ ဆိုင်ဘက် မှာ အားနည်းချက် တစ်စုံ တရာကြောင့် ဆိုင် နာမည် ပျက်မှာ အင်မတန် မှ စိုးရိမ်စွာ စိတ်ပူပန်တတ်သူ ဖြစ်ပြီး ကျွန်မ Nargis မုန်တိုင်း ကြားမှာ ယောကျာ်း အနားမှာ မရှိ.. ..ဆေးရုံ ပို့မယ့်သူ မရှိ ၊ ဆေးရုံစောင့်ပေးမယ့်သူ မရှိ နဲ့.... တစ်ခါ လမစေ့ ဘဲမွေးလို့… အသားတွေဝါနေပြီး နို့မစို့နိုင်လို့.... တစ်ပတ်တိတိ ကလေးဆေးရုံ တင်ထားရတဲ့ အခါ များမှာ ဖုံးလိုင်းတွေ အဆက်အသွယ် မရ.... သူ့မြို့က သူ့ မိဘ တွေ သေသလား ၊ ရှင်သလား မသိတာ ကို ကျွန်မ မသိအောင်သာ ကြိတ်ငိုပြီး ကလေးနေကောင်းလို့ ..... ဆေးရုံ က ဆင်း တဲ့ အထိ ကျွန်မ ညီမ စန္ဒာ နှင့် နေ့ မအိပ် ည မအိပ် ...… ကလေး ဆေးရုံ မှာ စောင့်ပေးပြီး ..... ကျွန်မ နဲ့ အတူ ဒုက္ခ ဆိုတာ တွေ ကို မျှဝေ ခံစားပေးခဲ့တဲ့ ကျွန်မ ချစ်သော သင်းကွဲ ငှက်ငယ် ( ၆ ) လည်း ဖြစ်ပါတယ် …...
သီသီ နာမည် အပြည့်အစုံ က သီသီဝင်း ဖြစ်ပြီး..ပဲခူးတိုင်း ကျောက်တံခါး မြို့ မှ လာသူလေး ဖြစ်ပါတယ်…. သူသည် လည်း GINGER က ရောက်ခါစ ကတော့ ညှိုးညှိုး ငယ်ငယ် လေး နဲ့ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှု မရှိသူ တစ်ယောက် ဖြစ်ခဲ့ပါတယ်….သူ အလုပ်စ ၀င်တဲ့ အချိန်မှာ လူ ပါးနေတဲ့ အချိန် ဖြစ်လို့.... လစာ နဲ့ ကော်မရှင် အများကြီး မရပေမယ့် လည်း … သူ ထွက်သွားရင် ...… ကျွန်မ နောက် လူ အသစ် အစ ကနေ ပြန်သင်ရမှာ ကို အားနာတဲ့ အတွက် အလုပ် မှာပျော်အောင် ကြိုးစားနေရင်း မလုပ်ဖူး တဲ့ အလုပ်တွေ ကို အားကြိုး မာန်တက် ကြုံးရုန်း လုပ်ရင်း အလုပ်မှာ ပျော်လာသော ..မိမိ ကိုယ် ကို ယုံကြည်မှုရှိလာသော…၀န်ထမ်း အသစ်တွေ လာရင် ဘယ်လောက် ပဲ ဝေးဝေး ချိုသာစွာ …. တွဲခေါ် သင်ပြပေးနိုင်သော .... ပုံမှန်ထက် ပိုပြီး ဂျီကျတတ်တဲ့ Customer တိုင်းကို စိတ်ရှည်စွာ စေတနာ ထား ၍ ဆောင်ရွက်ပေးတတ်သော သူ လည်း ဖြစ်ပါတယ် ….. သူ ရောက်ပြီး သိပ် မကြာဘဲ .... သူ့မြို့ ကို ခဏ ခွင့် တောင်းပြီး ပြန်သွားတုန်းက အလုပ် မကောင်းလို့.... ထွက်သွားပြီ ထင်ခဲ့သလို … ကျွန်မ နဲ့ သိပ် မရင်းနှီးသေးပေမယ့် လည်း ….. ပေးထားတဲ့ စကား တစ်ခွန်း အတွက် နေထိုင် မကောင်းလျက် နှင့် ပြောသွားတဲ့ ရက် အတိအကျ ရောက်အောင် ကတိတည်စွာ ပြန်လာတတ်သူ လည်း ဖြစ်ပါတယ် … ( သတိတရ ရှိနေခဲ့သူ မို့ သူ့ရဲ့ ကောင်းကွက် ကလေးတွေ ကို ပြောပြချင်တာမို့ ထည့်သွင်းထားတာသာ ဖြစ်ပြီး .... အခုချိန်မှာ အိမ်ထောင်ရက်သား ကျလို့ အလုပ် ထွက်သွားပေမယ့် ကျွန်မ သတိတရ ရှိနေဆဲ ချစ်လှစွာသော ရဲဘော်တစ်ဦး ဖြစ်ပါတယ် ..... )
လဲ့လဲ့ သူကလေး ရဲ့ နာမည် က လဲ့ဝင်းဖြူ ပါ….. ဒိုက်ဦး ဇာတိ ဖြစ်ပါတယ် ..… သွက်သွက် လက်လက်လေးနဲ့ ချစ်စရာ တစ်မျိုး ကောင်းသူ ဖြစ်ပါတယ်…အလုပ်လုပ်ဖူးတဲ့ သူမို့ ဒီအလုပ် နဲ့ ရောက်ခါစ မှာ သိပ် အထာ မကျလှ ပေမယ့်..ကောင်းတဲ့ သူတွေ ကြားမှာ ဆိုတော့ သူလည်း အတတ်နိုင်ဆုံး …ပုံစံလေး ပြောင်းပြီး.. အများ နဲ့ အံဝင်ခွင် ကျ ဖြစ်အောင် ကြိုးစား နေထိုင်တတ်သူလေးဖြစ်သလို ဟင်းချက် လည်း တော် တော် ကောင်းပြီး မိန်းမ ပီသသူဖြစ်ပါတယ် ….. တစ်နှစ်ကျော်ကြာ အားလုံး စိတ်တိုင်းကျ ဖြစ်ပြီး ပုံသဏ္ဍန်ကျနေ မှ…သူ့ အမ နေထိုင်မကောင်းလို့..သူ့အမ..တာဝန်ယူထားတဲ့ကျူရှင်ကလေးတွေ ကို စာဆက်သင်ရမယ့် တာဝန်ကို သူ ဆက်ယူရပါမယ်တဲ့….အလုပ်လေးတွေ လည်း တိုး ၊ အခန်းလေးလည်း Decoration အသစ် ..... Uniform အသစ် နဲ့ အားလုံး စိတ်ဓာတ်တက်ကြွချိန် ကျမှ… ဗြုန်းခနဲ..သူ အလုပ်ထွက်တော့ ကျွန်မ နဲ့ တကွ အားလုံး... စိတ် မကောင်းဖြစ်ကြရသလို သူ ပြန်မလာတော့မှန်း သိပေမယ့် ..... သူ ကြိုက်ခဲ့တဲ့ Uniform အနီလေး ကို …... လူ အသစ် တွေ ဘယ်လောက် လာလာ မပေးရက်စွာ နဲ့…...( လက်ရှိ မှာ Online ဖြင့် လေယာဉ် လက်မှတ်ရောင်းတဲ့ ကုမ္ပဏီ တစ်ခုမှာ Computer Operator ဖြစ်နေပြီမှန်း သိပေမယ့် တိုက်ဆိုင်လာတိုင်း သတိရနေဆဲမို့ အမှတ်တရ ပြန်လည် ထည့်သွင်းဖော်ပြလိုက်ပါတယ် )
နွေဇင် နွေဇင်ဦး ပါတဲ့ ….. သူ ကတော့ ….ကျောက်တံခါး မြို့ က သီသီ ရဲ့ ညီမ ၀မ်းကွဲ လေး ဖြစ်ပါတယ်… ပဲခူး တိုင်း .... မြပဲခူး မြို့သူလေးဖြစ်ပါတယ် …သူ သည်လည်း မိဘ မရှိ ၊ အဖွား နဲ့ နေ ၊ တခါ အဖွား ဆုံး တော့ အမ တွေ နဲ့သာ နေရတဲ့ မိသားစု မပြည့်စုံ သူလေးဖြစ်ပါတယ် … သူ့ကို စတွေ့ တုန်း က တောသူ မလေး နဲ့ တူပြီး အသားညိုညို နဲ့ ကျွန်မ ကြိုက် တဲ့ ဖြူဖြူ ချောချော လေး မဟုတ်လို့.. သိပ်မကြိုက်လှပေ မယ့်… တစ်ခါမှ မတောင်းဆို စဖူး အလုပ်တောင်းတဲ့ သူ့ အမ ရဲ့ မျက်နှာ ကို ထောက်ပြီး ခေါ်ခဲ့ရသူ လည်းဖြစ်ပါ တယ် ..… ချီးကျူးစရာကောင်းတာ က ပိုပြီး အားလုံး နဲ့ အဆင်ပြေ အောင်နေ တတ်သလို ..... သူ လုပ်ပေးရတဲ့ Customer တိုင်းကို လည်း အောက်ကျခံပြီး စိတ်တိုင်းကျအောင် ..… စိတ် မကျေနပ် ကျေနပ်ရအောင် … အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်တတ်သလို ဘယ်လောက် ပင်ပန်းပင်ပန်း တချက် မှ အပြုံးမပျက် မငြီးငြူ ဘဲ ပျော်ရွှင်စွာ နှင့် လုပ်ကိုင်တတ် သူ ဖြစ်ပါတယ် … .တစ်နှစ် နီးပါး ရှိ လာတဲ့ အခါ မှ တော့ ရန်ကုန်ပုံ ပေါက်ပြီး ညိုတဲ့ အသားလေး လည်း ၀င်းလာပြီ ဖြစ်သလို .... စမတ်ကျကျ နဲ့ကိုယ့် အလုပ် ကို ယုံယုံကြည်ကြည် နဲ့ ပျော်ရွှင်စွာ ဆောင် ရွက်နိုင်တဲ့ ..… ကျွန်မ မျက်စိထဲမှာ ချစ်လို့ချောသွားရ တဲ့ ..... သူလေးလည်း ဖြစ်ပါတယ်….( အသားမည်းတာ လုံးဝ မကြိုက်ခဲ့တဲ့ ကျွန်မ တကယ်တမ်း သူ ဗြုန်းခနဲ အလုပ်ထွက်မယ်မှန်း သိရတဲ့ အချိန်မှာ သံယောဇဉ်ကြီးစွာ နဲ့ ကလေး တစ်ယောက် လို ထိုင်ငိုခဲ့ရဖူးသလို ...... လူ အသစ်တွေ လာလို့ အချိုးမကျ တာတွေ ကြုံလို့ စိတ်တိုင်းမကျ ဖြစ်ရတဲ့ အခါတိုင်း သူ နဲ့ နှိုင်းယှဉ် ဆုံးမလေ့ရှိပြီး အခုချိန်ထိ ကျွန်မ တမ်းတ နေရတဲ့ ကျွန်မ ချစ်သော ရဲဘော် တစ်ဦး ဖြစ်ပါတယ် .... )
ရွှေစင် အိရွှေစင် ဖြစ်ပါတယ်… မြောင်းမြသူလေးပါ..... ရောက်လာတဲ့ သူတွေ ထဲမှာ အချိန် တိုတို နဲ့ လူချစ်လူခင် များသော..Customer များ ကို စိတ် ကျေနပ်မှု ရှိအောင် ကြိုးစား လုပ် ကိုင်သော ရောက်စ က သင်ရတာ ဝေးပေမယ့် အချိန်ပြည့် ကြိုးစား လေ့ကျင့်နေတဲ့ အတွက် အချိန်တို အတွင်း Senior များရဲ့ လက်ရာ ကို မှီ အောင် လုပ်ကိုင်နိုင်သူ လေး ဖြစ် သလို … ဘယ်သူ နဲ့ ဖြစ်ဖြစ် လိုက်လျောညီထွေ ..... နေထိုင်တတ်သူ ၊ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်တိုင်း ကို ဒိုင်ခံ လုပ်တတ်သူလည်း ဖြစ်ပါတယ် … ဘယ်လောက် ပင်ပန်း ပန်း ချွေးသံ တရွှဲရွှဲ နဲ့… မငြီးမငြူ ပြုံးရွှင် ချိုသာစွာနဲ့ အလုပ်တွေ ကုန်းရုန်း လုပ်ကိုင်တတ်တဲ့ ကရင်သံဝဲ၀ဲလေး နဲ့ တမျိုး ချစ်စရာကောင်း သူလေး ဖြစ် ပါတယ်…... ( ခွင့်လွှတ်လို့ မရတဲ့ အပြစ်တစ်ခု ကို ကျူးလွန်ခဲ့တာ ထင်ထင်ရှားရှား မို့ အလုပ် မဖြုတ်လျှင် နောက်နောင်သော တခြားသော ကလေးတွေ ကို ကျွန်မ ဘယ်လို ပုံစံ နှင့် မှ ဆက်ထိန်း လို့ မရနိုင်တော့တဲ့ အတွက် ..... ကျွန်မ တစ်ညလုံး ခေါင်းခဲပြီး စိတ်လှုပ်ရှားခြင်း များစွာ နဲ့ မနက်မှာ အလုပ်ဖြုတ် ဖို့ဆုံးဖြတ်ခဲ့ရပြီး တခြား ကလေးတွေ ရှေ့မှာ အပြစ် လုပ်ရင် ကျောသား ရင်သား မရွေး အပြစ်ပေးရ ပါတယ် .... ဆိုတာ ကို သိစေချင်တဲ့ အတွက် စိတ်မကောင်းခြင်းများစွာ နှင့် ကျွန်မ သူ့ မျက်နှာ ကို လုံးဝ မကြည့်ဘဲ အလုပ် ဖြုတ်ပစ်ခဲ့ရသလို .... ဘယ်လို မှ မခံစားနိုင်တဲ့ အတွက် .... ကျွန်မ မျက်နှာထား တင်းချင်ယောင်ဆောင် လို့ အိပ်ခန်း တံခါးကြားလေးထဲ က နေ သူ အထုပ် လေး ဆွဲပြီး အလုပ် ထွက်သွားခဲ့တဲ့ မြင်ကွင်း ကို မျက်ရည်ဝဲစွာ နဲ့ ချောင်းကြည့်နေ ရင်း ... ဗြုန်းခနဲကြီး ကျွန်မ အိပ်ခန်း တံခါးပေါက်ဝ မှာ အထုပ်အပိုး ချလို့ .... ဆောင့်ဆောင့်လေး ထိုင်ပြီး ကျွန်မ ကို တိတ်တဆိတ် ထိုင်ကန်တော့ သွားသည် နှင့် ကျွန်မ ဘယ်လို မှ စိတ် မထိန်းနိုင်တော့လောက်အောင် အသံမထွက်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရတဲ့ အထိ ...... ကျွန်မ ချစ်သော ကလေး တစ်ယောက် ဖြစ်ခဲ့သလို သူ နဲ့တွဲလုပ်ခဲ့တဲ့ ကျွန်မ ဆိုင် က လက်ရှိ ကလေး တွေ က မရွှေစင် ကို သတိမရတော့ဘူးလား လို့ .... မေးတဲ့အခါ တိုင်း ရုပ်တည် နှင့် သတိမရပါဘူး လို့ ညာပြောနေရဆဲ ဘဲ ဖြစ်ပါတယ် ..... )
ကျွန်မ
ဆိုင်ကနေ ( ၁ ) နှစ် အတွင်း မှာ ဒီ ကလေး ( ၄ ) ယောက် စလုံး ...
မရှေးမနှောင်း မှာ ထွက်သွားကြပါတယ် .... အလုပ်ပြောင်း သွားတဲ့သူ ၊
အိမ်ထောင်ကျ သွားတဲ့သူ ၊ နိုင်ငံခြား ထွက်သွားတဲ့ သူ စသဖြင့် .....
အကြောင်းကြီးငယ် ကိုယ်စီ ဖြင့် အလျှို အလျှို ထွက်သွားပြီးတဲ့ အချိန်မှာ
ကျွန်မ တစ်ကိုယ်လုံး မှာ ရှိတဲ့ ခွန်အားတွေ အားလုံး အရုပ် ကြိုးပြတ်သလို
.... ဘုန်းခနဲ လဲကျသွား မတတ် ပါဘဲ .... အရှေ့ က အလုပ်တွေ တိုးချဲ့နေပေမယ့်
အနောက် က လိုက်ပေးမယ့် သူ မရှိတဲ့ အဖြစ်အပျက် ကို ထုတ် မငြီးခဲ့ပေမယ့်
ကျွန်မ တော်တော်လေး စိတ်ဓာတ်ကျ ခဲ့ရပါတယ် ..... ကျွန်မ မနှစ် က မွေးနေ့
တုန်း က ရေးခဲ့တဲ့ ကျွန်မ ချစ်သော ရဲဘော်များ ဆိုတဲ့ Notes လေး ကို တောင်
မမြင် ၊ မတွေ့ချင်တော့တဲ့ အထိ ကျွန်မ ချစ်တဲ့ ကလေးတွေ ကို
သတိရခြင်းများစွာ နဲ့ စိတ်ထိခိုက်လွန်း လို့ ..... သူတို့ ထွက်သွားပြီးတဲ့
အချိန် ကနေ တောက်လျှောက် အရင်လို .... ကလေးတွေ နဲ့ Shopping Mall
လျှောက်ကြည့်ကြ ၊ သီချင်းဆိုကြ ၊ ကော်ဖီ ဆိုင် ထိုင်ကြ ၊
ပျော်ပွဲစားထွက်ကြဖို့ ဝေးလို့ .... ဘယ်သူ ဖိတ်ဖိတ် မသွားခဲ့ ဘဲ ကျွန်မ
ချစ်တဲ့ ကလေးတွေ နဲ့ သာ ကုန်ဆုံးစေခဲ့တဲ့ New Year မုန့်လုပ်
စားကြတာမှာတောင် ကျွန်မ ကျန်တဲ့ ကလေး တွေ ကို သနားလို့ လုပ်ဖြစ် ခဲ့ပေမယ့်
မပျော်နိုင်ခဲ့ ပါဘူး .... အဲဒီလို နဲ့ နောက်ဆုံးမှာ ကျွန်မ ရဲ့ ....
နောက်ပြန်ဆုတ် လို့ မရတော့တဲ့ အလုပ်တစ်ခု အတွက် ခွန်အား အသစ်တွေ နဲ့ ကျွန်မ
ချစ်တဲ့ ကလေးတွေ လို စိတ်ဓာတ်မျိုးတွေ ရအောင် နောက်ထပ် ကလေး အသစ်လေးတွေ
ထပ်ထပ် ပြန်မွေးပြီး အစ က နေ ပြန် သင်တာပေါ့ .... လို့ ကိုယ့်ကိုယ်ကိုယ်
အားတင်းပြီး ပြန် လုပ် ခဲ့ရသလို .... ကျွန်မ ဘာတွေ လွဲမှားခဲ့သလဲ ဆိုတာ
ကို သေသေ ချာချာ မြင်အောင်ကြည့်ခဲ့ပြီး .... နားလည် သိမြင်ခဲ့တဲ့ နောက်ထပ်
အမှား များစွာ ကို လည်း ကြိုးစားပြီး ပြန်လည် ပြုပြင်ယူလို့ အသစ်အသစ်သော
ကလေးတွေ ကို ထပ်မံ တွဲခေါ်ပြီး အလုပ် လုပ် တတ်အောင် ကနေ လူမှုဆက်ဆံရေး
များစွာ အထိ နေထိုင်ပေါင်းသင်းဆက်ဆံတတ်အောင် အစကနေ စိတ်ရှည်ရှည် နဲ့
ပြန်သင်ခဲ့ရတာ ဖြစ်ပါတယ်
မွန်မွန် နာမည် အရင်း က အေးမြတ်မွန် ပါ ..... ပဲခူးသူလေး ဖြစ်ပါတယ် .....IC ကုန်ထုတ်ဓာတု နဲ့ ဘွဲ့ရထားသူ ဖြစ်တာမို့ ကျွန်မတို့ အလုပ်ဆိုတာ ကြော့ကြော့လေး နေရ တဲ့ အလုပ် မျိုး မဟုတ်တာ မို့ လုပ်နိုင် မလုပ်နိုင်ဆိုတာ ကို စိတ်ညစ်လောက်အောင် အင်တာဗျူးပြီး မှ အလုပ်ခန့်ခဲ့သူ ဖြစ်သလို ... တစ်ခါမှ အလုပ် မလုပ်ဖူးသူ ၊ အများနှင့် မဆက်ဆံဖူးသူ မို့ .... ရောက်ခါစ မှာ ကျွန်မ တို့ အလုပ် နဲ့ ဘယ်လို မှ အံမ၀င်အောင် ၊ အနေအထိုင် မတတ်သူ ၊ အပြောအဆို မတတ်သူ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ် ..... ကျွန်မ တို့ အလုပ် ဆိုတာ လာတဲ့ Customer တိုင်း ကို စိတ်တိုင်း ကျရအောင် စေတနာ နဲ့ ဆောင်ရွက်ပေးရတာ ဖြစ်တဲ့ အတွက် .... ရောက်ခါ စ က ဘယ်လို မှ လက်ကြောမတင်းတဲ့ သူ့ ကို အချိုး ပြင်ရင် ပြင် / မပြင်ရင် အလုပ်ထွက် .... ( ၂ ) နည်း ဘဲ ရှိတယ် ရယ် လို့ .... စိတ်ဒုံးဒုံး ချပြီး .... ရစရာ မရှိအောင် ဆူခဲ့ပြီး သကာလ ..... အချိုးပြောင်းစွာ နဲ့ အများနှင့် အံဝင် ခွင်ကျ ဖြစ်အောင် ပေါင်းသင်းပြီး လုပ်ကိုင် ပြောဆို ဆက်ဆံတတ်လာတဲ့ သူ တစ်ယောက် ဖြစ်သလို .... ပင်ပန်းတာ မခံနိုင်လို့ ထွက်ပြေးနိုးနိုး နဲ့ ဘဲ .... တစ်နှစ်ကျော် ကြာ တဲ့ အခုလောက် အချိန် ထိရောက်လာရတဲ့ အထိ ၊ ကျွန်မ မျက်နှာရိပ် မျက်နှာကဲ ကို ကြည့်ပြီး အလုပ် လုပ်ကိုင်လာတတ်တဲ့ အထိ အချိုးပြင်လာခဲ့တဲ့ ရှားရှားပါးပါး ကုသိုလ် ထူးတဲ့ သူလို့ ကျွန်မ ရေးခဲ့တဲ့ .... အဆိပ် မသင့်ခဲ့ရတဲ့ .... သင်းကွဲ ငှက်ငယ် ( ၇ ) ဖြစ်ပါတယ် ....
ခက်ခက်
ဖျာပုံသူလေး ခက်ခက်ဝေ ပါ .... ဦးလေး လုပ်သူခမျာ ယောကျာ်းကြီး တန်မယ့် မိန်းမ အလုပ်တွေကို အခါခါ လေ့လာ မေးမြန်းပြီး ယုံကြည်မှု ရှိမှ စိတ်ချ လက်ချ အလုပ် သွင်းသွား တဲ့ .... ဆတ်ဆတ်ကြဲသော စွာတေးမလေး ဖြစ်ပါတယ် .... ကျွန်မတို့ အလုပ်တွေ က ပင်ပန်းတဲ့ အတွက် .... ရေရှည်တော့ မခံနိုင်လောက်ပါဘူး .... လို့ လျှော့တွက်ထားမိခဲ့သူ ၊ ရောက်ခါစ က အနေအထိုင် ၊ အပြောအဆို မတတ်လောက်အောင် ထောင့်မကျိုး အချိုးမပြေစွာ နဲ့ ..... ကျွန်မ ဆိုင်ဖွင့်ခဲ့တဲ့ ( ၈ ) နှစ် နီးပါး အချိန်ကာလ တစ်လျှောက် လုံး မှာ ဘယ်တုန်း က မှ ဘယ်သူ့ ကို မှ မလုပ်ဖူးခဲ့တဲ့ လူရှေ့သူရှေ့ မရှောင် .... ရစရာ မရှိအောင် ... ဆူဆဲ ၊ အပြစ်ဒဏ်ပေးခဲ့ရတဲ့ .... ရှာ မှ ရှားတဲ့ ကလေးဘဲ ဖြစ်ပါတယ် .... လိမ္မာ စေချင်သလို ၊ ကိုယ့် ထက် နိမ့်ကျသူ ကို ကိုယ်ချင်းစာတရား ရှိစေချင်တဲ့ အတွက် လူရှေ့သူရှေ့ မှာ ရက်ရက်စက်စက် ပြစ်ဒဏ်ပေးခဲ့ရတာ တန်ပါတယ် ..... အခုချိန်မှာ ၀င်ခါစ က မျက်နှာကြော တင်းတင်း နဲ့ ထောင့်မကျိုးတဲ့ ပုံစံလေး က နေ .... အခု အချိန်မှာတော့ .... ယဉ်ယဉ်ကျေးကျေး ကျိုးကျိုး နွံနွံ ၊ ချိုချိုသာသာ ပြောဆို ဆက်ဆံတတ်နေ ပြီ ဖြစ်သလို .... Customer များစွာ ၏ ခန္ဓာကိုယ် မရွေး ၊ အလုပ် မရွေး .... ဘယ်လောက် ပင်ပန်းပန်း .... တစ်ချက် မှ အပြုံး မပျက် လုပ်တတ်ခဲ့သူ ဖြစ်သလို .... အဆီချပေးရ တဲ့ သူ ဘယ်နှစ်ယောက် ဆက်ဆက် .... အလုပ်ပြီး လို့ ထွက်လာတာ နဲ့ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ .... နဲ့ မငြီးမငြူ သင်တန်း ပြပေးနိုင်နေပြီ ဖြစ်တဲ့ .... အံ့သြစရာကောင်းလောက်အောင် အချိုးပြောင်း လိမ္မာလာပြီး ကိုယ့် ချွေးနှဲစာ ပိုက်ဆံ ကို သူ မတူအောင် ကပ်စေးနှဲချွေတာ တတ်တဲ့ ချစ်စရာ အလေ့အကျင့် ပိုင်ဆိုင်သူလေး ဖြစ်ပါတယ် ......
သဲသဲ
နာမည် အရင်း က .... ဇင်မွန်သက်ပါ .... မကွေး ဇာတိ ဖြစ်ပြီး ရိုးသားအေးဆေးသလို ....ဟင်းချက် အလွန်ကောင်းပြီး ပေးအပ်တဲ့ တာဝန် ကို ကျေပွန်အောင် လုပ်တတ်သူ .... ပိတ်ရက် မရှောင် ၊ မငြီးမငြူ လုပ်ကိုင်တတ် သူ ၊ အလုပ် မရွေး ၊ မခွဲခြားဘဲ .... မိသားစု စိတ်ဓာတ် နှင့် ၀ိုင်းဝန်း ကူညီပေးတတ်သူ ၊ ဖြစ်ပါတယ် ..... ပြန်ဖြေရ အုံးမည့် ဆယ်တန်း စားမေးပွဲ အတွက် .... ပြန်ခိုင်းဖို့ .... နှမြောမိပေမယ့် .... ကျွန်မ ကလေးတွေ ရဲ့ အနာဂတ် ဘ၀လမ်း ကလေး လှပစေချင်တဲ့ အတွက် .... နွေရာသီ မှာ ကျောင်းပြန်တက်ဖို့ .... မပြန်စေချင်ပေမယ့် ပေးပြန်ရပါအုံးမယ် ....
နမ့်စန်းဟီ ကျုံပျော် က လာတဲ့ ပိုးကရင်မလေး ဖြစ်ပြီး သူနာပြု ဆရာမ တဖြစ်လဲလေး ဖြစ်ပါတယ် ..... ဘယ် အချိန် ကြည့်ကြည့် အေးချမ်း ကြည်လင်တဲ့ မျက်နှာပိုင်ရှင်လေး မို့ .... သူ အလုပ် လာလျှောက် လို့ .... ဘာ မှ မမေးရ ခင် ကထဲ က ကျွန်မ က အလုပ်ခန့်ချင်နေခဲ့တာ ဖြစ်ပြီး ..... ကရင်သံ ၀ဲဝဲ လေး နဲ့ .... အင်မတန် မှ ချစ်စရာကောင်း သူ ဖြစ်ပါတယ် .... အနေ အထိုင် ရိုးသား အေးဆေးပြီး .....ကျွန်မ ဆိုင် ၏ အလုပ်တိုင်း ကို သွက်လက် ပေါ့ပါးစွာ နဲ့ မခိုမကတ် ၊ မပျင်းမရိစွာ နဲ့လုပ်ကိုင်တတ်သူ .... ရောက်ခါစ က ထမင်း ၊ ဟင်း လုံးဝ မချက်တတ်သလို .... နေ့စဉ် တစ်ယောက် တစ်ရက် အလှည့်ကျ ဟင်းချက်ရတဲ့ ထုံးစံ မပျက်ချင်တာကြောင့် .... ဘဲဥဟင်း တစ်မျိုးထဲ ကို တစ်ပတ်တိတိ ကျွမ်းကျင်အောင် ဟင်းချက် ကျင့် ပြီး တစ်မျိုး ကျွမ်း မှ နောက်တစ်မျိုး ကျင့်လို့ စနောက်ရတဲ့ အထိ ..... GINGER ရောက်မှ မေးရင်း ၊ မြန်းရင်း ၊ သင်ရင်း နဲ့ဘဲ ဟင်းကောင်းကောင်း ချက်တတ်လာတဲ့ သူ ကလေး ဖြစ်ပါတယ် ......
သက်ရတနာစိုးပျော်ဘွယ် က ပါ ... မျက်နှာလေး က ချစ်စရာ ကောင်းလှသလို ... အလှအပ လည်း အင်မတန်ကြိုက်ပြီး အမေ ကို ကလေးဆန်စွာ ဂျီကျ ပူဆာ ၊ ဆိုးနွဲ့၊ စိတ်ကောက် တတ်သော ကောက်တေးမလေး ရယ်လို့ ..... ကျွန်မ အလိုလို သိမြင်ခဲ့တဲ့ အတွက် .... အလုပ် မ၀င်ခင်မှာ ကျွန်မတို့ အလုပ်ဆိုတာ ဘယ်လို ပင်ပန်းတာ ... ဘယ်လို စိတ်ရှည် ရတာ ... ဘယ်လို မလှမပ နေရတာ ... စတာတွေ ကို တော်ရုံလူဆို စိတ်ဓာတ် ကျသွားလောက်အောင် ... ကျွန်မ ပြောဆိုပြီး မှ အလုပ် ခန့်ခဲ့သူဖြစ်ပါတယ် .... သူမ ၏ မိခင်ဖြစ် သူ က ကျွန်မ ဆိုင် မှာမှ အချိုးမပြေရင် ပြေစရာ မရှိတော့ဘူး .... လို့ ပြောပြီး အလုပ် သွင်းခဲ့ပေမယ့် ...... သူ့ မိဘ နဲ့ သာ ကလေး ဆန်စွာ နေထိုင်ပြုမူတတ်ပြီး ..... အလုပ်ခွင် မှာတော့ အလုပ် စည်းကမ်း အတိုင်း နေထိုင်တတ်သလို အလုပ် မ၀င်ခင် က ပုံသဏ္ဍန် နှင့် ကွဲပြားခြားနားစွာ ပင် .... အလုပ်မှာ ပျော်အောင် ကြိုးစား လုပ်ကိုင်နေထိုင်တတ်သူ ၊ ဟင်းချက် အလွန်ကောင်းသူ ၊ ကျွန်မ ပေါက်တတ်ကရ စားချင်သမျှ အသုတ်တိုင်း ကို ဒိုင်ခံ သုတ်ကျွေးတတ်သူ လေး ဖြစ်ပါတယ် ....
အေးစုမွန် သုံးခွမြို့သူလေးပါ ... Eco တက်ဖို့ ကျောင်းဖွင့်တာ စောင့်ရင်း အလုပ်ဝင်လုပ်နေသူ ဖြစ်သလို အမှန်အတိုင်းပြောရရင် GINGER သက်တမ်းတလျှောက် သင်ခဲ့ရသမျှ အသစ်တွေ ထဲ မှာ မကြုံဖူးလောက်အောင် .... ကျွန်မ အလုပ် နှင့် အင်မတန် မှ စိမ်းပါတယ် ..... အနေအထိုင် ရိုးသားပြီး ဘယ်လောက်ဘဲ မလုပ်တတ်တတ် ၊ စိတ်ဓာတ်မကျဘဲ အလုပ် လုပ်ချင်နေ စိတ်လေး တစ်ခုထဲကြောင့်....ဘယ်လောက်ဘဲ ဝေးဝေး တွဲခေါ်ပေးချင်ခဲ့သလို .... .သူ့ ကို သင်လို့ မရလို့ စိတ်ညစ်ရတဲ့ အခါတိုင်း ကျွန်မ ကိုယ် ကျွန်မ ... ဒီလို လူ တစ်ယောက် ကို ကျွမ်းကျင်အောင် မသင်ပေးနိုင်တာ .... ငါ တော်တော် အသုံးမကျတာဘဲ ..... လို့သာ စိတ်ပျက်လက်ပျက် နဲ့ ထိုင်ငိုမတတ် စိတ်ညစ်ခဲ့ရပါတယ် ..... ဘယ်လို ဘဲ ဖြစ်ဖြစ် .... သူ သည် ရိုးသားပါတယ် .... လုပ်တတ်သလောက် အလုပ်လေး ကို စိတ်ပါလက်ပါ လုပ်ပါတယ် .... အလုပ် လုပ်ချင်စိတ် ရှိသလို .... အားလုံးနဲ့လည်း သင့်မြတ်အောင် နေတတ်သူလေး ဖြစ်တဲ့ အတွက် ..... သူ မတတ်သေးသမျှ ..... တခြားကလေး တွေ လည်း မငြိုငြင် .... အလုပ်လုပ်ချင်နေတဲ့ သူ စိတ်ဓာတ်ကလေး မပျက်စီး ရအောင် ..... သူ နေသလောက် မှာ ကျွန်မ အတတ်နိုင်ဆုံး တွဲခေါ်ပေးနေအုံးမှာ ဖြစ်ပါတယ် .....
နန့်ဝသန်စိုးတကယ်တမ်း မှာ သူ့ တာဝန် က ဆိုင် အလုပ် နှင့် လုံးဝ မသက်ဆိုင်ပေမယ့် .... အိမ် အနောက် မှာ အဆင်မပြေရင် ၊ အိမ် အရှေ့မှာ အလုပ်လုပ် ရတာ ဘယ်လိုမှ အဆင်မပြေ စိတ်မချမ်းသာနိုင်တဲ့ အတွက် ကျွန်မ ဆိုင် ဖွင့်ခဲ့သမျှ သက်တမ်း တလျှောက် မှာ .... တစ်ကြိမ် တစ်ခါ သင်ပေးထားရင် အသေ မှတ်ထားတတ်သော ၊ မပျင်းမရိ မခိုမကတ်သော ၊ နေကောင်းကောင်း မကောင်းကောင်း ၊ သူ့တာဝန် ကို သူ ကျေပွန်သော ၊ အလုပ် မရှိရင် မနေတတ်အောင် အလုပ်ရှာဖွေ လုပ်ကိုင်တတ်သော ၊ မိန်းမ တပုံကြီးကြားမှာ မစပ်မစု ၊ စကား မရှုပ် ၊ အနေအထိုင်အေးဆေးပြီး ရိုးသားသော ကြုံတောင့် ကြုံခဲ ရှားရှားပါးပါး လိမ္မာသူလေး ဖြစ်တာမို့ .... ထိုသို့သော သူ တစ်ယောက် ရှိသည့် အတွက် ကျွန်မ မလိုအပ် သည့် ကိစ္စတွေ မှာ ၀င်မပါရဘဲ .... စိတ်အေးချမ်းသာ စွာ ဖြင့် ကျွန်မ အလုပ်တွေ ကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်နိုင်ခဲ့ပါသောကြောင့် .... မပျင်းမရိ ၊ မခိုမကတ် ၊ တက်တက် ကြွကြွ အလုပ်လုပ်သူတိုင်း ကို ကျွန်မ ချစ်သော ရဲဘော် တစ်ယောက်သာ ဖြစ်တယ် လို့ သတ်မှတ်ချက်လေး တစ်ခုထဲ ကြောင့် သူ့ကို ပါ အမှတ်တရ ထည့်သွင်းဖော်ပြထားခြင်း ဘဲ ဖြစ်ပါတယ် .....
အလုပ် ကို ချစ်တဲ့ ကျွန်မ ၊ အလုပ် မှာ ထူးထူးခြားခြား အောင်မြင်ချင်တဲ့ ကျွန်မ အတွက် ထူးခြားတဲ့ ခွန်အားတစ်ခု ဖြစ်စေခဲ့တဲ့ .... သူတို့လေးတွေ အားလုံး ကို ကျွန်မ သံယောဇဉ် ရှိသလို ..... မတူညီတဲ့ အားသာချက် / အားနည်းချက် အမျိုးမျိုးရှိကြတဲ့ သူတို့အားလုံးကို လည်း ပုံစံ အမျိုးမျိုး နဲ့ ကျွန်မ ချစ်ခင်တွယ်တာမိပါတယ် ..... မိုးလင်း က မိုးချုပ် အလုပ် ထဲ မှာသာ အနေများပြီး မိသားစု မှ လွဲလို့ ပြင်ပ စိတ်ထွက်ပေါက် မရှိတဲ့ ကျွန်မ ဘ၀ မှာ စိတ်ညစ်စရာ ရှိတိုင်း ၊ ပျော်ရွှင်စရာ ရှိတိုင်း သူတို့လေးတွေ နဲ့ဘဲ အဖော်လုပ် လို့ အပြန်အလှန် အမီသဟဲ ပြုနေရင်း နဲ့ဘဲ တစ်နှစ်ပြီး တစ်နှစ် ဆိုတဲ့ အချိန်တွေ မကုန်ချင်ဘဲ တဖြည်းဖြည်း ကုန်ခဲ့ရသလို .... အသက်တွေ မကြီးချင်လည်း ကြီးလာခဲ့ရတာ မနက်ဖြန် ဆိုလျှင် ကျွန်မ အသက် ( ၃၄ ) နှစ် ပြည့် မွေးနေ့ သို့ ရောက်ရပြန်ပြီ ဖြစ်ပါတယ် ..... ငယ်ငယ်တုန်း က မွေးနေ့ပေါင်းများစွာ ကို ငယ် သူငယ်ချင်းလေးတွေ နဲ့ မွေးနေ့ ပါတီတွေ လုပ်ရင်း ပျော်ရွှင်ခဲ့ရပေမယ့် .... အခု အချိန်မှာတော့ ..... သူတို့လေး တွေ ကို ချစ်တဲ့ ကျွန်မ ... အနှစ်နှစ် အလလ က အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ပြီး သွားချင်ခဲ့ပေမယ့် မသွားနိုင်ခဲ့တဲ့ ခရီးလေး တစ်ခု ကို ဒီ နှစ် မှာ ထူးထူးခြားခြားလေး စီစဉ်ထားခဲ့ပါတယ် ....
GINGER ဖွင့်ခဲ့တဲ့ ( ၈ ) နှစ် နီးပါး အချိန်တွေရဲ့ပိတ်ရက်ရှည် တွေ တိုင်း မှာ .... ကျွန်မ ဆိုင် က ကလေးတွေ အကုန်လုံး ကို ခေါ်ပြီး ခရီးထွက်ချင်ခဲ့ ဖူးပါတယ် .... အကြောင်းကြောင်း နဲ့ မသွားဖြစ်ခဲ့ပါဘူး .... အဓိက က ခရီးစဉ် တစ်ခုလုံးစာ အတွက် လူတွေ အများကြီး စားရိတ် ကို မခံနိုင် တာကြောင့်ဘဲ ဖြစ်ပါတယ် .... ဒါပေမယ့် လည်း နှစ်တိုင်းရဲ့ ရုံးပိတ် ရက်တွေ တိုင်းမှာ ကျွန်မ ပို့ပေးချင်လွန်းလို့ အကြိမ်ကြိမ် စိတ်ကူးယဉ် ခဲ့ရပါတယ် ...... ဒီ နှစ် ကျွန်မ တကယ် ပို့ပေးနိုင်ပါပြီ .... ကျွန်မ အရမ်းပျော်ပါတယ် ..... ကျွန်မ ဆိုင် က ကလေးတွေ အကုန်လုံး လိမ္မာရေးခြားရှိကြသလို .... ကျွန်မ နေကောင်းတယ် / မကောင်းဘူး ၊ ပိုက်ဆံ ရှိတယ် / မရှိဘူး က အစ ကျွန်မ မျက်နှာ ကို အမြဲ အရိပ်ကြည့်နေ တတ်ကြသလို .... ဒီ ခရီးလေး တစ်ခု ကို ကျွန်မ အရမ်းသွားချင်နေတယ် .... သီတင်းကျွတ် ပိတ်ရက် မှာ တည်းခတွေ ၊ စားစရိတ်တွေ တက်ကုန် လို့ ကြိုတင်ဖုံးဆက်မေးထားတဲ့ ဈေးနှုန်းတွေ နဲ့ နှစ်ဆ နီးပါး ကုန်ကျနေ တာ ကို ကျွန်မ စိတ်ပျက်လက်ပျက် ပြောပြတုန်း က ဂျင်ဂျာလေး ခေါ်တဲ့ တီတီအိ ဆိုရင် ... '' သမီး တို့ အားလုံး ဆီ က ပိုက်ဆံ တစ်သောင်းခွဲ စီ အမ ပြန်ယူပါလား .... အဲဒါဆို နည်းနည်း ဖြစ်ဖြစ် သက်သာသွားတာပေါ့ '' တဲ့ .... ကြားရတာ ကျွန်မ စိတ်မကောင်းဖြစ်ရ သလို ကိုယ် က အကြီး ဖြစ် တဲ့ အတွက် ... ကိုယ် က စပြီး သွားချင်နေတဲ့ ခရီး တစ်ခု ကို ကလေးတွေ ဆီက ပြန်ယူမယ် ဆိုရင် ကျွန်မ လူကြီး မဆန်ရာကျ သလို ကျွန်မ ပို့ပေးရာလည်း မရောက်တော့ပါဘူး .... အဲဒီလို နဲ့ ဘဲ ခြစ်ကုတ် စီစဉ်ပြီး အဆင်မပြေမှု အမျိုးမျိုး ကြားထဲ က ဒီခရီးစဉ်လေး သွားဖို့ အထမြောက်ခဲ့ပါတယ် .... ကျွန်မ ဆိုတာ ပိုက်ဆံ မရှာတတ်စဉ်က တစ်သက်လုံး ဘယ်လို နေနေ ၊ သုံးသုံး ၊ ကိုယ့် ချွေးနှဲစာ နဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ် ခဲ့ပြီးသကာလ မှာ .... မလိုအပ်ဘဲ .... ၀ယ်ရ ၊ သုံးရ မှာ အင်မတန် နှမြော သလို ..... ကိုယ် နဲ့ သက်တူ ရွယ်တူတွေ ဘယ်လို တံဆိပ်တွေ ၀တ်ဝတ် စားစား ၊ အဲဒီ ကုန်ကျမယ့် ပိုက်ဆံ ကို ကျွန်မ အလုပ်ထဲ ထည့်လိုက်ရင် ကျွန်မ ဘာထပ်လုပ်လို့ရမယ် .... အဲဒီ ပိုက်ဆံ နဲ့ ကျွန်မ ဘယ်လောက် ပိုက်ဆံ ပြန်ရှာနိုင်မယ် က အစ .... ကတ်စေး ကုတ်တတ် တွေးတတ်နေ ပြီ ဖြစ်သလို ၊ အလုပ်ကောင်းနေတဲ့ ရက်တွေမှာ ရှိသမျှ လုပ် လက်စတွေ ဖြတ်ပြီး ၊ အားလုံး ခရီးထွက်ကြတာ ဖြစ်တဲ့ အတွက် ( ၁၀ ) ရက် Package ဖြစ်တဲ့ ကျွန်မ အလုပ်တွေ မှာ .... အဲဒီ ရက်တွေကို ခြုံပြီး လုပ်ချင်တဲ့သူ လာရင်တောင် လက်ခံလို့ မရတာကြောင့် ....တော်တော်လေး ကို စဉ်းစား ချင့်ချိန်ပြီး မှ လက်ရှိ ကျွန်မ အနားမှာ ရှိနေတဲ့ ကလေးတွေ လိမ္မာရေးခြား ရှိနေတာ တစ်ခုထဲ ကို ထောက်ထားပြီး သွားချင်လွန်းတဲ့ ဒီ ခရီးစဉ်ကလေး သွားဖြစ်ခဲ့ရတာ ဖြစ်ပါတယ် .....
ကျွန်မ က စပြီး တက်တက်ကြွကြွ သွားချင်နေတဲ့ ဒီနေ့ည မွေးနေ့ ခရီးစဉ်လေးမှာ ကျွန်မ ချစ်တဲ့ ကလေးတွေ အားလုံး တာဝန် ကိုယ်စီ ခွဲဝေယူသလို အုပ်စု ခေါင်းဆောင်တွေ ဖွဲ့ပေး လို့ တစ်ယောက် ကို တစ်ယောက် အပြန်အလှန် ထိန်းရင်း ညီညီညွတ်ညွတ် သွားကြမှာ ဖြစ်ပါတယ် ..... မနက်ဖြန် မနက်ပိုင်း မှာ အထင် ကရ နေရာလေးတွေ လျှောက်လည် ပြီးရင် ရှားရှားပါးပါး သွားဖြစ်တဲ့ ဒီ ခရီးစဉ်မှာ ကလေးတွေ အားလုံး ပျော်စေချင်တဲ့ အတွက် ညဘက် မှာ ၀ိုင်းဖွဲ့ပြီး မီးပုံးပျံလွှတ် ၊ မီးရှုး ၊ မီးပန်းများ နဲ့ ဆော့ကစား ကြ မှာ ဖြစ်သလို ..... ပျော်စရာ မီးပုံပွဲ နဲ့ အတူ ပင်လယ်စာ တွေ ကို ကင်စားလို့ ၊ ကြိုတင် စီစဉ်ခိုင်း ထားတဲ့ ကာရာအိုကေ ဇာတ်စင် မှာ အလှဲ့ကျ သီချင်းတွေ ဆို ၊ မွေးနေ့ ကိတ် ခွဲရင်း ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းသွားကြမှာပါ ..... ကျွန်မ တို့ မိသားစု သီးသန့် ခရီးထွက်ရင် ဘယ်လိုနေနေ စားစား ၊ သူတို့ အားလုံး နဲ့ သွားတဲ့ ကျွန်မ ရဲ့ မွေးနေ့ ခရီးစဉ်လေး မှာ ..... သူတို့ အားလုံး နဲ့တန်းတူ ညီမျှစွာဘဲ နေထိုင် စားသောက်ချင်ပါတယ် ..... ထို့နည်းတူ ကျွန်မ ချစ်တဲ့ အလုပ်တိုင်း ကို လည်း သူတို့လေးတွေ နဲ့ အောင်မြင်စွာ လက်တွဲ လုပ်ကိုင်သွားချင်သလို ကျွန်မ သည် သူတို့ အားလုံး ၏ ဆိုင်ရှင် / အလုပ်ရှင် မဟုတ်ပါ ..... သူတို့ အားလုံး နဲ့ အစဉ် ထာဝရ သာတူ ညီမျှ ကောင်းတူ ဆိုးဘက် ၊ လက်တွဲ လုပ်ကိုင် မျှဝေခံစား သွားမည့် ရဲဘော် ၊ ရဲဘက်များသာ ဖြစ်ချင်ပါတယ် လို့....
မိတ်ဆက်
ကျွန်မ ချစ်တဲ့ ကလေး တွေ ရဲ့ ဓာတ်ပုံလေး တွေ ကို တစ်ယောက်ချင်း အမှတ်တရ
တင်ပေးချင်ပေမယ့် Facebook က နေရာ မပေးနိုင်သလို ... မရှိတော့တဲ့ သူတွေ
ရဲ့ ပုံတွေ ကို လည်း မဖြုတ်ရက် တဲ့ အတွက် .... ဤသို့ ကတ်သီးကတ်သတ်
တင်ခဲ့ခြင်းဖြစ်ပါတယ် .... အပေါ်ဆုံး က နှစ်ယောက် ဓာတ်ပုံ လေး က ကျွန်မ နဲ့
GINGER မှာ နှစ်အကြာဆုံး ကောင်းတူ ဆိုးဘက် လုပ်ကိုင်ခဲ့တဲ့ .... ကျွန်မ
ညီမ စန္ဒာ နဲ့ မအိ ဖြစ် ပါတယ် .... ဟိုး အရင် အချိန်တွေတုန်းက ကျွန်မ
သူတို့ ကို ပြောခဲ့ဖူးပါ တယ် .... သူတို့တစ်ဘ၀လုံး အတွက် အေးအေးချမ်းချမ်း
နဲ့ ချစ်ခင်နွေးထွေးစွာ တွဲခေါ်ပေးမယ့် သူ ရှိရင် .... လက်တွဲပါ လို့
..... အခုကျတော့ သီအိုရီ အသစ် နဲ့ ကျွန်မ နားသွင်းထားပါတယ် ....
အိမ်ထောင်ဖက် ဆိုတာ ကိုယ် တကယ် ချစ်ကြိုက်လို့ အပြန်အလှန် အကောင်းအဆိုး
မှန်သမျှ မျှဝေခံစားနိုင်မှ လက်ထပ်ပါ ဆိုသလို .... လက်ထပ်ပြီးရင် လည်း
ကောင်းကောင်းဆိုးဆိုး သူ မသေမချင်း / ကိုယ် မသေမချင်း လက်တွဲသွားပါ ....
အိမ်ထောင်ဖက် ဆိုတာ ကိုယ် အမှန်တကယ် ချစ်ကြိုက်လို့ လက်ထပ် ခဲ့တဲ့ ဘဝ
အဖော်သာ ဖြစ်ရမယ် ... ကိုယ့် တ၀မ်းတခါးသော ဘ၀ ကို မကျောင်းနိုင်လို့ ....
အမှီအခို အနေ နဲ့ ယောကျာ်း တစ်ယောက် ကို ကောက်ယူလိုက်ရတာ လုံးဝ မဖြစ်စေရ
ဆိုတာပါ ..... အဲဒီလို နဲ့ ကျွန်မကြောင့် သူတို့ ချေးများရင်း ယောကျာ်း
မရတော့ဘဲ အသက်ကြီးသွားရင် .... ကျွန်မ နဲ့ နှစ် အကြာကြီး လက်တွဲ
လုပ်ကိုင်လာကြတာ တစ်ခု ထဲ နဲ့ သူတို့ အလုပ်လုပ်နိုင်နိုင် ၊
မလုပ်နိုင်နိုင် ကျွန်မ ကြည့်ရှု စောင့်ရှောက်သွားပါ့မယ် လို့
ကတိပေးထားခဲ့သော .... ကျွန်မ အချစ်ဆုံး GINGER ရဲဘော် နှစ်ဦး ဖြစ်သလို ...
ကျွန်မ ဆိုင် ကို မလာခင် ကျွန်မ ၏ www.gingerbeautyland.com ... Website
ကို အေးအေးဆေးဆေး လေ့လာပြီး မှ လာသည့် Customer တိုင်း သတိတရ အမေးခံ
ရလေ့ ရှိတဲ့ ကျွန်မ ချစ်သော ရဲဘော်များ ထဲ က သူတို့ နှစ်ဦးပင် ဖြစ်ပါတယ်
.... ( တာဝန် ကိုယ်စီ ခွဲဝေပေးထားတဲ့ ဒီ ချောင်းသာ ခရီးစဉ် မှာ ....
ကျွန်မ ညီမ စန္ဒာ က တစ်ဖွဲ့လုံး ကို ဆေးသေတ္တာ တစ်လုံး နဲ့
စောင့်ရှောက်ပေးမယ့် .... ကျန်းမာရေးမှုး တာဝန် ကို ယူရသလို .... မအိ
ကတော့ .... အားလုံး ရဲ့ စားရေးသောက်ရေး ချက်ပြုတ် စီစဉ် ခိုင်းဖို့ နဲ့
.... ရေ ထဲဆင်းတဲ့ အခါ ကလေးတွေ အားလုံး အန္တရာယ် ကင်း အောင် ... ကြည့်ရှု
စောင့်ရှောက်ပေးမယ့် တာဝန် ကို ယူပါတယ် ..... ) ဘယ်ဘက် က သင်းကွဲငှက်ငယ် (
၇ ) လေး ကတော့ .... ခရီးစဉ် တလျှောက်လုံး မှာ ကျွန်မ တို့ အားလုံး ရဲ့
ခရီးဆောင် အိတ်တွေ ၊ ၀ယ်သမျှ အထုတ်အပိုးတွေ မပျောက်မရှ ရအောင် ... အထုပ်
စစ် ပေးမယ့် အကောက်ခွန် ရာထူး ကို ယူရပြီး .... ညာဘက် က ဇတ်ဇတ်ကြဲမလေး က
တော့ ... သူ နှင့် လိုက်ဘက်ညီတဲ့ တာဝန် တစ်ခု ကို ကျွန်မ ခွဲဝေပေးထားပါတယ်
... အဲဒါ က တော့ ခရီးစဉ် တလျှောက်လုံး ... ဘယ်သွားသွား အားလုံး အချိန်
နဲ့ပြီးအောင် လိုက်ပြီး နှိုးဆော် တိုက်တွန်း ပေးရမယ့် တာဝန်ပါ .... သူ့
တာဝန် ကို ကျွန်မ က နိဗ္ဗာန်ဆော် ရယ် လို့ နောက်ပြောင်ပြီး
နာမည်ပေးထားပါတယ် ..... တတိယ ပုံ ရဲ့ ညာဘက် က တော့ မကွေးသူလေး သဲသဲ ( ခ )
ဇင်မွန်သက် ပါ .... သူ့တာဝန် က ကျွန်မ မွေးနေ့ည မီးပုံပွဲမှာ
ဆော့ကစားကြမည့် မီးရှူး ၊ မီးပန်း ၊ မီးပုံးပျံ တွေ ကို မပျောက်မရှ ၊
မပျက်မဆီးအောင် သယ်သွားဖို့ တာဝန်ယူပေးရတဲ့ Carry No ( 1 ) ဖြစ်ပါတယ် ....
ဘယ်ဘက် က အမေ ကို အလွန် နွဲ့ဆိုး ဆိုးတတ်တယ် ဆိုတဲ့ ကောင်မလေး ရတနာ ပါ ...
သူ ကတော့ သူ ရဲ့ ကလေး ဆန်တဲ့ ဟန်ပန်လေး အတိုင်း ကျွန်မ သမီးလေး GINGER
နဲ့ ကစားပေးဖို့ တာဝန်ယူ ရသလို .... GINGER ကစားဖို့ တနိုင် ကစားစရာလေး
များကို သယ်ဖို့ တာဝန်ယူပေးထားသူ လည်း ဖြစ်ပါတယ် .....အောက် က ဓာတ်ပုံ မှာ
ညာဘက်မှာ နေရသူလေး ကတော့ ... အေးစုမွန် ဖြစ်ပြီး အနေအထိုင် အေးဆေးသော သူ့
ပုံစံ နှင့် လိုက်ဖက်သည့် ကျွန်မ မွေးနေ့ အတွက် မီးပုံပွဲ လုပ်ပေးဖို့
တာဝန်နှင့် .... အကင် ကင်တာ ဦးဆောင် ဦးရွက် ပြုဖို့ တာဝန် ယူရပါတယ် ....
ဘယ်ဘက် ကတော့ ပိုးကရင်မလေး နန့်စန်းဟီ ပါ .... ပြုံးပျော်ရယ်မောနေတတ်တဲ့
သူ့ အသွင်သဏ္ဍန် နဲ့ လိုက်ဖက်တဲ့ .... ကျွန်မ မွေးနေ့ ည မှာ ကာရာအိုကေ
သီချင်းတွေ ဆိုတာ စီစဉ်ပေးဖို့  နဲ့ အားလုံး အပျော်ကခုန် ဆော့ကစားကြဖို့
.... ဇာတ်စင် တာဝန်ခံ ရာထူးပေးထားပါတယ် .... နောက်ဆုံး ကျန်တဲ့ ကောင်မလေး
ကတော့ လိမ္မာရေးခြား ရှိပြီး အချိန်ပြည့် မနားမနေ မခိုမကတ်
အလုပ်လုပ်တတ်သလို ၊ တစ်ခု မဟုတ် တစ်ခု ရှာဖွေ ပြီး အလုပ် လုပ်နေတတ်သည့်
ဝသန်ဘဲ ဖြစ်ပါ တယ် .... သူ့ တာဝန် က ဒီ အထဲ မှာ အရေးအကြေီးဆုံး ဖြစ်ပါတယ်
... ဘာ တာဝန်လဲ ဆိုတော့ ... အင်မတန် မှ ကဗျာဆန်စွာ စိတ်ကူးယဉ်တတ် ပြီး
အနုအရွ အလှအပ အလွန်တရာ ကြိုက်တတ်တဲ့ ကျွန်မ အတွက်
အားလုံးပျော်ပျော်ရွှင်ရွှင် သီချင်းဆိုပြီး ခွဲကြမယ့် ဧရာမ မွေးနေ့ ကိတ်ကြီး
ကို မပွန်းမပဲ့ မထိမခိုက်စေ ရအောင် သယ်ဆောင်ပေးရမယ့် တာဝန်ခံ Carry No ( 2
) ဘဲ ဖြစ်ပါတယ် .... 
ကျွန်မ ချစ်တဲ့ ကလေးတွေ အားလုံး နဲ့ ဒီနေ့ ည ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် သွားကြမည့် ကျွန်မ ၏ ( ၃၄ ) နှစ်ပြည့် မွေးနေ့ ခရီးလေး မထွက်မီ အားလုံး မနက် အစောကြီးထပြီး ရွှေတိဂုံ ဘုရားသွားကြသေးသလို .... ခရီး မထွက်မှီ အလွန် အင်မတန် စိတ်ပူတတ်တဲ့ ကျွန်မ ကလေးတွေ အားလုံး ကို မသွားခင် မှာ .... စိတ်ဝမ်းမကွဲဖို့ ၊ ညီညီညွတ်ညွတ်ရှိဖို့ ၊ အုပ်စုလိုက် မဟုတ်လျှင် ဘယ်မှ ဖောက်ပြီး မသွားဖို့ ၊ စည်းကမ်း ရှိဖို့ ၊ အချိန် လေးစား ဖို့ .... ကြီးစဉ် ငယ်လိုက် ပြော စကား နားထောင်ဖို့ ၊ အချင်းချင်း အပြန် အလှန် ကြည့်ရှုစောင့်ရှောက်ကြဖို့ ၊ ကိုယ့် တာဝန် ကိုယ် ယူကြဖို့ ၊ အများ တန်းတူ နေထိုင်စားသောက်ကြဖို့ ..... က အစ မှာတမ်း ချွေရသေးသလို သူတို့ အားလုံး အလုပ်ကြိုးစားလို့ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်ညွတ် ရှိကြမည် ဆိုပါ က နောက်နောင် များမှာလည်း သူတို့ အားလုံး နှင့် ခရီးတွေ အများကြီးထွက်ချင်ပါသေးတဲ့ အကြောင်း ပြောခဲ့မိ သလို .... တာဝန် ကိုယ်စီ အသီးသီး ခွဲဝေယူကြရသည့် ဤ ခရီးစဉ် မှာ ကျွန်မ က တော့ ..... ခရီး တစ်ခုလုံး ကို အကောင်းဆုံး ၊ အဆင့်အတန်း အမြင့်ဆုံး ပို့ပေးချင်ပါလျှက် နှင့် အခြေအနေ အမျိုးမျိုးအရ ၊ ခြစ်ခြုတ် ကုတ်ကတ် ခြိုးခြံချွေတာစွာဖြင့် .... ပို့ဆောင်ရေး တာဝန် ယူပေးရသည့် ကတ်စေးနှဲသော ခရီးစဉ် စီစဉ်သူ .... ( Tour Guide ) သာ ဖြစ်ပါတယ် .... လို့
( 16 - 10 - 2012 ည က စထွက်ပြီး 17 - 10 - 2012 , 18 - 10 - 2112 ( 2 ) ည အိပ်ပြီး 19 - 10 2012 မှာ ပျော်ရွှင်စွာ နဲ့ ပြန်လာခဲ့ကြတဲ့ ကျွန်မ မွေးနေ့ ချောင်းသာ ခရီးစဉ် မှ အမှတ်တရ ဓာတ်ပုံလေး များ ကို ဒီ Link မှာ ကြည့်ရှုနိုင်ပါတယ်.... ရှင် .....)
http://www.facebook.com/media/set/?set=a.454607967924800.117280.100001268038082&type=1
Thursday, September 27, 2012
အမှတ်တရ စကားလေး တစ်ခွန်း ......
ကျွန်မ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလုပ်တိုင်း နဲ့ ပတ်သက်ပြီး ကျွန်မ
ကျေကျေနပ်နပ် လက်ခံထားတဲ့ ဆောင်ပုဒ် ကလေး တစ်ခု ရှိပါတယ် ..... အဲဒီ
ဆောင်ပုဒ် ကလေး က မှတ်မှတ်ယယ ကျွန်မ တက်ခဲ့ဖူးတဲ့ Stars &
Models မှ ဆရာ ကို John Lwin ရဲ့ စေခိုင်း မှု ဖြင့် .... ၁၉၉၉ ခုနှစ်
ဖေဖော်ဝါရီလ တွင် အန်တီမော် ( ဒေါ်သီတာဝင်း ) ဆီမှာ မြန်မာ အက သွားသင်ခဲ့
တဲ့ အချိန် က ရခဲ့တာ ဖြစ်ပါတယ်..... ဆရာ ကို John Lwin က ''မင်းသမီး / မော်ဒယ်လ် လုပ်ချင်ရင် မြန်မာ အက ပါ တတ်အောင် သင်ထား '' ဆိုတဲ့ စကားကြောင့်သာ သွားသင်ခဲ့မိတဲ့ ကျွန်မ ... ပထမဆုံး အက သင်တဲ့နေ့မှာဘဲ .... အန်တီမော် ( ဒေါ်သီတာဝင်း ) က မေးပါတယ်.... '' သမီး ၀ါသနာ ပါလား '' တဲ့ ....
အဲဒီ အချိန်က လူကဲလည်း မခတ်တတ်သလို ၊ လူအရိပ် အခြေဆိုတာလည်း လုံးလုံး
မကြည့်တတ်ခဲ့တဲ့ ကျွန်မ ဘာပြန်ဖြေတယ် .....ထင်ပါ သလဲ ..... '' လုံးဝ မပါပါဘူး ... အန်တီ .... သမီး က ဆရာ ကိုဂျွန် ဆူမှာ ကြောက်လို့ ..... သူ သင်ခိုင်းလို့ လာ သင်တာပါ '' ..... လို့ အားမနာ ပါးမနာ အမှန်အတိုင်း ဖြေခဲ့ဖူးပါတယ်.....
ကျွန်မ အမှန်အတိုင်း ဖြေခဲ့ဖူးတဲ့ စကားအတိုင်းပါဘဲ ..... ၀ါသနာ မပါတဲ့ အတွက် .... အလွန်တရာ မှ အချိုးမပြေစွာ ...စည်းလည်း မသိ ၊ ၀ါးလည်း မသိ ၊ အတောင့် လိုက် ...ခြေမကျိုး ၊ လက်မကျိုး ၊ ခါးမကျိုး နဲ့ ပုံမကျ ၊ ပန်းမကျ အဖြစ် က တတ်ခဲ့ရုံ မှ လွဲပြီး ..... ဘယ်လောက်ဘဲ ပိုသင်သင် ပိုပြီး တတ်မလာခဲ့ပါ ..... တခါ ကြုံကြိုက်တဲ့ အချိန်မှာ အန်တီမော် က ထပ်မေးဖူး ပါတယ်....'' သမီး မော်ဒယ်လ် သင်တန်း တက် တာရော .... မင်းသမီး လုပ်ချင်လို့လား .... ၀ါသနာ ပါလို့လား '' တဲ့ ..... အဲဒီမေးခွန်း ကို လည်း ကျွန်မ ထိုနည်းတူစွာ ပါဘဲ ..... အဲဒီခေတ် အခါ က ကျွန်မ အဖိုး ၀မ်းကွဲ တစ်ယောက် က မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းမှာ နာယက မို့ ... ဓာတ်ပုံ ဆရာ သင်တန်း ဆင်းပွဲတွေ ဘာတွေ မှာ Indoor / Outdoor .... အပျော် ဓာတ်ပုံ အရိုက်ခံပေးရင်း ဓာတ်ပုံရိုက်တဲ့ ပိုးဝင်သွားတာပါ .... အရမ်းကြီး ၀ါသနာ ပါတယ်တော့ မဟုတ်သလို .... မင်းသမီး လုပ်ချင်တာရယ် ... လို့လည်း ...... မဟုတ်ပါဘူး ..... မင်းသမီးလေးတွေ ..... မော်ဒယ်လ်လေးတွေ .... TV မှာ လှလှလေး အိုက်တင် လုပ်ကြတာ ကို တွေ့နေ ရတော့ သမီးလည်း လှလှလေး နေရတာ ကြိုက်တာ မို့လို့ပါ ''..... လို့ ကျွန်မ ပြန်ဖြေခဲ့မိပါတယ်.....
အဲဒီ အချိန် မှာ အန်တီမော် က သူ ဆိုရင် .... မြန်မာ အက ကို ဘယ်လောက် အထိ မြတ်မြတ်နိုးနိုး နဲ့ ၀ါသနာ ပါခဲ့သလဲ ..... ဆိုရင် .... ကလေး ဘ၀ ထဲ က ပြေးတာ လွှားတာ က အစ .... မြန်မာ တီးလုံး နဲ့ ပြေးခဲ့သလို .... အိမ် ကို ဘုန်းကြီး ဆွမ်းခံကြွလို့ ထိုင် ကန်တော့ ရင် က အစ ..... ယိုးဒယား အက ကန်တော့ ကြိုး ကလေး နဲ့ ထိုင် ကန်တော့ တာပါ တဲ့ ..... အဲဒီ အချိန် က ကျွန်မ အမြဲ အားကျခဲ့ဖူးတဲ့ အန်တီမော့် တူမ မလေး ( လေးသီတာခိုင် ) ဆိုကရေးတီး ၀ါသနာ ရှင် မှာ မြန်မာ တစ်နိုင်ငံလုံး အဆင့် ပထမ ရခဲ့တဲ့ သူ ဆိုရင်လည်း .... အိပ်လို့ ယောင်ရင် က အစ ... ထ က နေတတ်သလို ..... ပါးစပ် မှ လည်း အမြဲတမ်း စည်းချက် လိုက်နေ တတ်တဲ့ အထိ ..... သူ ၀ါသနာ ပါလို့ လုပ်တဲ့ အလုပ် ကို ထူးခြားစွာ ရူးသွပ်ပါတယ် လို့ အန်တီမော် က မလေး နဲ့ မကြာခဏ ဆိုသလို နှိုင်းယှဉ် ဆုံးမတတ်ပြီး .... ကျွန်မ ကို .......
'' စွဲမြတ် တစ်သက်လုံး မှတ်ထား သမီး .... အလုပ်တိုင်း က ရူး မှ ထူး ပါတယ် '' တဲ့ .....
အဲဒီ အချိန်တုန်း က အန်တီမော့် စကား ကို ရင်ထဲ စွဲအောင် သဘောကျ နှစ်သက်ခဲ့ဖူးတဲ့ ..... ကျွန်မ အခု အချိန်မှာတော့ ..... တကယ်တမ်း ၀ါသနာ ပါစွာ နဲ့ လုပ်နေတဲ့ အလှအပ အလုပ်တိုင်း ကို နည်း စနစ်တကျ သင်ခဲ့ရသည် ဖြစ်စေ ၊ မသင်ရဘဲ .... ကျွန်မ ဘာသာ လေ့လာပြီး လုပ်ကိုင်ခဲ့ရသည် ဖြစ်စေ ..... စား လည်း ဒီ အလုပ် ၊ အိပ်လည်း ဒီ အလုပ် ၊ ဘယ်နေရာဘဲ သွားသွား ဒီ အလုပ် ကိုသာ တစိုက်မတ်မတ် ခေါင်းထဲ ထည့်ပြီး လုပ်ကိုင်ဖြစ်ခဲ့ပါတယ် ..... ကျွန်မ ဆိုင် မှာ လက်ရှိ ဆောင်ရွက်နေတဲ့ လာတဲ့ Customer တွေ ရဲ့ လက်ခံ ယုံကြည်မှု ဖြင့် အထိုက်အလျောက် အောင်မြင်စွာ ဆောင်ရွက်နေတဲ့ အလုပ်တိုင်း က ကျွန်မ မနားမနေ .... စား လည်း ဒီစိတ် ၊ သွားလည်း ဒီစိတ် ၊ အချိန်တိုင်း ဒီ စိတ် တစ်ခု နဲ့ လုပ်ကိုင်ခဲ့တဲ့ အလုပ်တွေသာ ဖြစ်ခဲ့ပြီး ..... သူများ ဆိုင်မှာ ရှိလို့ .... ကျွန်မ ဆိုင်မှာ ပါ ရှိချင်တဲ့ အတွက် စုံအောင် ထည့် ထားမိခဲ့တဲ့ ..... ၀န်ဆောင်မှုတွေ မအောင်မြင်ခြင်း အကြောင်းအရာ က တော့ ကျွန်မ ရူးသွပ်စွာ နဲ့ မလေ့ကျင့် ၊ မလေ့လာ ၊ မစူးစမ်းဘဲ .... လုပ်ခဲ့မိ တာကြောင့် ဘဲ ဖြစ်ပါတယ် .....
ကျွန်မ ဆိုတာ တော်တဲ့ တတ်တဲ့ မှတ်ဥာဏ် အင်မတန်ကောင်းတဲ့ အထဲ မှာ မပါဘဲ .... အလွန် ဒုံးဝေးပြီး ဘာဘဲ သင်သင် လူပြိန်း သင်သလို သင်ပေးမှ သာ တတ်တဲ့သူ မျိုး သာ ဖြစ်သလို .... လာတဲ့ Customer တွေ ရဲ့ လက်ခံ ယုံကြည်မှု နဲ့ အောင်အောင်မြင်မြင် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလုပ်တိုင်း သည် လည်း ..... အာရုံ စူးစိုက်စွာ နဲ့ မနားမနေ ... ဇွဲနဘဲ နဲ့မရမချင်း လေ့ကျင့်ခဲ့လို့ သာ ဖြစ်ပါတယ် .... ဆိုတဲ့ အကြောင်းလေး ပြောပြချင်မိသလို ..... မနေ့ က ကျွန်မ ဆိုင် မှာ ကျွန်မ ဆရာမ .... အန်တီမော် ( ခ ) ဒေါ်သီတာဝင်း ..... မလုပ်စဖူး .... Facial Lifting လာလုပ်ပြီး အပြန် မှာ ကျွန်မ ဆိုင် က ကလေး တွေ ကို အသိတရား စကား လက်ဆောင်လေး တစ်ခုခု ကျန်ခဲ့စေချင်တဲ့ အတွက် .... '' အန်တီမော် .... သမီး ကလေး တွေ ကို လက်ဆောင် အနေ နဲ့ ဘ၀ တလျှောက်လုံးစာ အတွက် ဆုံးမ စကား လေး တစ်ခုခု ပြောပေး ခဲ့ပါအုံး .... အန်တီ '' ... ဆိုတော့ ..... ကျွန်မ ငယ်ငယ်တုန်း က ရင်ထဲစွဲအောင် မှတ်ခဲ့ရတဲ့ စကားလေး ကို ဘဲ ..... အန်တီမော် က အမှတ်တရ ပြန်ပြောသွားခဲ့ပါတယ် ..... အဲဒီ စကားလေး ကတော့ ....
'' ဘယ်အရာ မဆို အာရုံ စူးစိုက်စွာ နဲ့ စိတ်ဝင်တစား လုပ် .... အလုပ်တိုင်း ဟာ ရူး မှ ထူးပါတယ် '' တဲ့ ..........
( ကျွန်မ ဘ၀ တလျှောက်လုံး ရင်ထဲ စွဲခဲ့ရတဲ့ စကားလေး တစ်ခွန်း နဲ့ သွန်သင်ဖူးခဲ့တဲ့ .... ကျွန်မ ချစ်တဲ့ ဆရာမ အန်တီမော် (ခ) ဒေါ်သီတာဝင်း ကို နှစ်တွေ ဘယ်လောက်ဘဲ ကြာကြာ ချစ်ခင် လေးစားစွာဖြင့် .... အမြဲတမ်း အမှတ်တရဖြစ်စွာ နဲ့ ကျေးဇူး အများကြီးတင်နေပါတယ် .... ဆိုတာ )
Sunday, September 16, 2012
ဆက်ရက် တောင်ပံကျိုးမလေး ၏ လွမ်းဆွတ်ဖွယ် ပုံပြင် .....
လွန်ခဲ့တဲ့ ( ၈ ) နှစ်ကျော် ( ၉ ) နှစ် ခန့်အချိန် က .... ဖြစ်ပါတယ်...
သူမလေး ရဲ့ နာမည် က ( ....... ) ပါတဲ့ .... အသားညိုညို ၊ မျက်လုံး လှလှ ၊
မျက်ခုံးကောင်းကောင်းလေး နဲ့ ... စံပယ်တင် မှဲ့နက်လေး တစ်လုံး နဲ့ အသက် (
၁၂ ) နှစ် အရွယ် ချစ်စရာကောင်း တဲ့ သွက်သွက်လက်လက် ကလေး မလေး ပါ ....
ကျွန်မ မှာ အဖော်မရှိတဲ့ အတွက် ... အိမ်အကူ ပွဲစားထံကနေ .... ကလေး တစ်ယောက်
လောက် လိုချင်တယ်... တောက်တိုမရလောက်ဘဲ ခိုင်းချင်တာ ... အများကြီး
လုပ်စရာမလို ဘူး ... ရုပ် သန့်သန့်လေး ရှာပေးပါ .... ဆိုပြီး ၊
ရှာခိုင်းခဲ့တဲ့ ပွဲစား က ကျွန်မ အလှမက်တာ သိတာမို့ အသားမည်းတာ ကြိုက်မှာ
မဟုတ်မှန်းသိပေမယ့် သွက်သွက်လေး .... မို့ ... ကျွန်မ မြင်ရင် သဘောကျ မှာပါ
... ဆိုပြီး ခေါ်လာပေးတာ.... ဖြစ်ပါတယ် ....
သူရောက်လို့ ဧည့်စာရင်း တိုင်ဖို့ .... အဖေ နာမည် မေးတော့ ... ဆန်းကျယ်စွာဘဲ .... လူ သုံးယောက် ရဲ့ နာမည် ကို ရွတ်ပြပါတယ် .... မဟုတ်ဘူး ... သမီး အဖေ နာမည် ကို မေးတာ ဆို မှ ....သမီး မှာ အဖေ ( ၃ ) ယောက် ရှိပါတယ် တဲ့ .... အဖေ အရင်း က ဘယ်သူလဲ ဆိုတော့ .... ( ၃ ) ယောက် စလုံး က အရင်းဘဲ တဲ့ .... ကျွန်မ လည်း စိတ်ရှုပ်လာရတာ မို့ .... သူ ပြောတဲ့ အဖေ သုံးယောက် ထဲ က တစ်ယောက်သော အဖေ ရဲ့ နာမည် ကို ဘဲ ယူပြီး ဧည့်စာရင်း တိုင်လိုက်ရပါတယ် .....နောက်ကြုံမှ သူ့ရွာ ပွဲစား ကို မေးကြည့်တော့ .... သူ့အမေ က အဖေ အပေါ်ဘဲ ကလေးမွေးထားတာ ဖြစ်သလို ... တစ်အိမ်ထဲ မှာ လည်း နောက် ယောကျာ်း ( ၃ ) ယောက် အပြိုင် ယူထားတာ ဖြစ်ပြီး ... အကျင့် စာရိတ္တ မကောင်းတဲ့ အမေ နဲ့ ... မလုံခြုံ တဲ့ ပထွေးတွေကြား မှာ သူ့ဘ၀လေး မလုံခြုံ ရှာတာမို့ ဖြစ်နိုင်ရင် အပြီး ခေါ်ထားလိုက်ပါလား ... တဲ့ .... အစက သာ ကြိုသိခဲ့ရင် ဇာတ်ရှုပ် ဆို အိမ်ပေါ်တင်မိမှာ မဟုတ်ပေမယ့် .... ရက်ကြာတာ နဲ့ အမျှ အဖော်မရှိတဲ့ ကျွန်မ လည်း သူ့ ကို ခင်နေပြီ မို့ ... သနားသွားတာနဲ့ဘဲ ... ကြည့်သေးတာပေါ့ .... ဆိုပြီး ဆက် လက်ခံထားခဲ့ပါတယ်....
ခေါ်စဉ်တုန်းက ကူဖော်လောင်ဘက် ပြောခဲ့ပေမယ့် တကယ်တမ်း မှာ ကျွန်မ နဲ့ တစ်ခန်း ထဲနေ ၊ တစ်ခန်း ထဲအိပ် ၊ တစ်စားပွဲ ထဲ စားပြီး .... ယုတ်ဆွ အဆုံး ရေချိုးခန်း ၊ အိမ်သာ က အစ ... ကျွန်မ အခန်းမှာ ဘဲ သွားခိုင်းခဲ့မိပါတယ် .... အဖော် မရှိခဲ့တဲ့ ကျွန်မ အတွက် ကလိစရာ အရုပ် တစ်ရုပ် ရတာမို့ ... အ၀တ်အစားတွေ ၀ယ်ပေး ၊ ကလစ်လေး တွေ တပ်ပေး နဲ့ ... မနက်တိုင်း သူ နဲ့ အတူ ပခုံးဖက် ပြီး လမ်းထလျှောက် ၊ ကျွန်မ ပျင်းရင် သူ နဲ့ထိုင်ပြီး သူ ဟာသ လုပ်ပြသမျှ ထိုင်ရယ် ရသလို ၊ သနားစရာကောင်းတဲ့ သူ့ဘ၀ အကြောင်းတွေ ကြားရရင် စိတ်မကောင်း ဖြစ်လိုက် နဲ့ဘဲ အဖော် လုပ်မိခဲ့ပြီး ..... သူ က လည်း ကျွန်မ ဆီ ဧည့်သည် လာရင် မကြိုက် ၊ တခြား ကလေးတွေ ကို လက်ဆောင်တွေ ဘာတွေ ၀ယ်ပေးရင် က အစ ... ကျွန်မ ကို မနာလိုစွာ နဲ့ စိတ်ဆိုး စိတ်ကောက် ဖြစ်တဲ့ အထိ ရင်းနှီးလာသလို ... TV ကြည့်ရင် က အစ ကျွန်မ ကို လာမှီ ၊ ကျွန်မ ပေါင်ပေါ် လာအိပ်တဲ့ အထိ တရင်းတနှီး နေခဲ့မိပါတယ် .....
အဖော် မရှိတဲ့ ကျွန်မ ရဲ့ မျှော်လင့်ချက် က သူ့မှာ ခိုကိုးစရာ မရှိတဲ့ အတွက် ၊ ကျွန်မ နဲ့တစ်သက်လုံး နေသွားရင် ကျွန်မ အတွက် အဖော်ကလေး ရသလို .... ကိုယ် နဲ့ တန်းတူစား ၊ တန်းတူ သွားလာတာ ကို အကျင့်လုပ်ထားမိတဲ့ အတွက် ... တဖြည်းဖြည်း ဆင်းရဲမှာ ကို ကြောက်လာတဲ့ သူ့ စိတ် ကို သိသူမို့ .... ကိုယ် နဲ့ အမြဲနေစေချင်တဲ့ အတွက် .... ကောင်းကောင်းစား ၊ ကောင်းကောင်း နေချင်ရင် ကိုယ် နဲ့အမြဲနေ ... ဆိုတဲ့ စကား ကို အမြဲပြောဖြစ်ခဲ့ပေမယ့် .... ဟိုး အောက်ခြေ က လူတစ်ယောက် ရဲ့ ဘ၀ ကို ဘာမှန်း မသိ ၊ ညာမှန်း မသိ ၊ ဗြုန်းခနဲ .... အမြင့် ကို ဆွဲမြှောက်ခဲ့တဲ့ အတွက် ... အဲဒီ ကလေးမလေး ခမျာ .... တဖြည်းဖြည်း ချင်း အောင်ခြေလွတ်လာပြီး ဟိုလူ နဲ့ ဆို စကားမပြောချင် ၊ ဟိုအိမ် ဆို မသွားချင် ၊ နောက်ဆုံး အလှူတွေ ဘာတွေ သွားရင် က အစ ဘိုထိုင် မဟုတ်ရင် အိမ်သာ မတတ်ချင်ပါဘူး ... ဆိုတဲ့ အထိ ဖြစ်လာသလို .... အဲဒီ အချိန်မှာ ကျွန် မလည်း အခုလို အလုပ် မလုပ်သေးလို့ ... ဘ၀ အကြောင်း နားမလည်ခဲ့ပေမယ့် ... တစ်ခုခုတော့ လွဲသွားပြီ ဆိုတာ ကို သိမြင်တဲ့ ကျွန်မ သူ့ကို အချိန်မှီ ဆုံးမ လို့ အသည်းအသန် ပုံပြန်သွင်းခဲ့ပေမယ့် ... ကျွန်မ ဖန်တီးထားမိတဲ့ ဘ၀ မှာ နေသား ကျနေတာကနေ ...တစ်ရက် တခြားသော အလုပ်သမားတွေ ကို မောက်မောက်မာမာ မတူမတန် ပြောဆို ဆက်ဆံနေတာ ကို တွေ့လို့ ကျွန်မ ပြင်းပြင်း ထန်ထန် ဆူ လိုက်မိတာ က စပြီး မဆူစဖူး အရမ်း ဆူမိတဲ့ ကျွန်မ ကို စိတ်ကောက်ပြီး သူ့ ပွဲစား ကို လာပြန်ခေါ်ခိုင်းရင်း... အလုပ် ပါ အပြီး ထွက်သွား ခဲ့ပါတယ် ..... ခိုကိုးရာ မရှိတဲ့ သူ့ဘ၀ နောက်ကြောင်း သိတဲ့ ကျွန်မ သူ မထွက်ခင်မှာ အကျိုးသင့် အကြောင်းသင့် ရှင်းပြခဲ့ပေမယ့် .... သူ တောင် နားမ၀င်တာ ဘာအရေးလဲ .... ဆိုပြီး ..... ကျွန်မ လည်း ခေါင်းထဲ က အပြီး ထုတ်ထားခဲ့လိုက်ပါတယ် .....
အဲဒီလို နဲ့ လတော်တော်ကြာသွားတဲ့ တစ်ရက်မှာ ကြည့်မြင်တိုင် ဘူတာ ရဲစခန်း က ဆိုပြီး ကျွန်မ နာမည် နဲ့ ဖုံးတစ်ခု လာပါ တယ်.... အကြောင်း က ကျွန်မ အိမ်မှာ နေသွားတဲ့ ( ....... ) ဆိုတဲ့ ကလေးမလေး က ဘူတာ မှာ နာရီ အလစ်သုတ်မှု နဲ့ ဖမ်း ထားတာမို့ ... ကျွန်မ နဲ့နေတုန်း က သူ့ အကျင့် စာရိတ္တလေး သိချင်ပါတယ် .... ဆိုပြီး ဆက်လာတာ မှာ ... ကျွန်မ နဲ့ နေတုန်း ကတော့ အကျင့် စာရိတ္တ ချို့ယွင်းတာ မရှိခဲ့ကြောင်းသာ ဖြေပေးခဲ့ပြီး သူ့ အကြောင်းကြားရတာ စိတ်မကောင်းပေမယ့် .... ကိုယ့် မှာ လည်း ကိုယ့် အကြောင်း နဲ့ ကိုယ် မို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ...... အဲဒီ က နေ ( ၂ ) နှစ်လောက်နေပြီး ကျွန်မ GINGER ဖွင့်တဲ့ အချိန်ကျမှ ကျွန်မ ဖခင် ကို နှလုံးဆေးခန်း တစ်ခု သွားပြရင်းနဲ့ ဖြစ်ချင်တော့ ....ထို ဆေးခန်း နဘေး က တည်းခိုခန်း ပေါ် ကနေ ... မိန်းကလေး တစ်ယောက် ဆင်းလာပြီး ကျွန်မ ကို ဗြုန်းခနဲ လာဖက်ပါတယ် .... ကျွန်မ နဲ့ နေစဉ် က သူ့ အသက် ( ၁၂ ) က နေ ... ပြန်တွေ့တဲ့ အချိန်မှာ အပျိုကြီးဖားဖား ဖြစ်နေပြီ မို့ .... ရုတ်တရက် ကျွန်မ သူ့ကို ဘယ်လိုမှ မမှတ်မိခဲ့ပါဘူး .... ဆင်းလာတာ က တည်းခိုခန်း ဖြစ်နေတာမို့ .... စိတ်မကောင်းခြင်း နဲ့ သမီး ဒီ မှာ ဘာလုပ်ရလဲ ဆိုတော့ .... သန့်ရှင်းရေး လုပ်ရသလို .... လာ တည်းခို တဲ့ ဧည့်သည်ပေါင်းစုံ ရဲ့ အ၀တ်အစားတွေ လျှော်ရ ၊ သူတို့ စားချင်တာ ၀ယ်ခိုင်းရင် ထွက်ဝယ်ပေးရ နဲ့ ဒီလောက်ပါဘဲ ....
သူ့ နဲ့ ကျွန်မ ရဲ့ သံယောဇဉ် ကို သိတဲ့ ကျွန်မ အဖေ က သားသမီးချင်း စာနာစွာ နဲ့ ရှေ့လျှောက် ဒီလောကထဲ မှာ ဆက်နေနေရင် ဘ၀ပျက် သွားမှာ စိုးရိမ်တာမို့ .... အလုပ် ရှိနေပြီ ဖြစ်တဲ့ ကျွန်မ ကို သနားပါတယ် သမီးရယ် ... ကယ်ထားလိုက်ပါ ... ဆိုတာ နဲ့ဘဲ .... နဂိုထဲ က သံယောဇဉ် ရှိတဲ့ ကျွန်မ ဒုတိယ အကြိမ် အိမ် ကို ပြန်ခေါ်လာမိပါတော့တယ် .... ဒီတစ်ခါ မှာတော့ အလုပ်လုပ်နေပြီ ဖြစ်တာမို့ ... စ၀င် ကထဲ က ကျွန်မ ဆီ မှာ ဘာတွေ မလုပ်ရဘူး ... ဘာအလုပ် လုပ်ပေးရမယ် ... ဘယ်သူတွေ နဲ့ ဘယ်လို ဆက်ဆံရမယ် ... က အစ သွန်သင်ပြီး ခေါ်လာတာ မှာ တခဏတော့ ငြိမ်ပေမယ့် ..... သမရိုးကျ လစာသာ ပေးနိုင်တဲ့ ကျွန်မ ဆီ မှာ သူ့တည်းခိုခန်းမှာ နေတုန်းကလို ... အပို အောက်ဆိုက်လည်း မရတဲ့ အတွက် ပိုက်ဆံများများ သုံးနေကျ လူတွေ ရဲ့ ထုံးစံ အတိုင်း ပိုက်ဆံ မမြင်ရရင် မပျော်နိုင်တော့တာ .... ကို သိပေမယ့် .... သူ ဒီ တစ်ခါ ကျွန်မ ဆီ က နေ အပြင်ပြန်ရောက် သွားရင် မဟုတ်မဟတ် တဲ့ နေရာတွေ ရောက်ပြီး ကျိန်းသေ ဘ၀ ပျက်ရမှာ ကို သိတာမို့ ... အတတ်နိုင်ဆုံးလေး ကျွန်မ ချော့မော့ပြီး သူ့မှာ မိဘ နဲ့လည်း နေစရာ မရှိ၊ အားကိုးစရာ မရှိတာမို့ ... ကိုယ့်ဘ၀ ကိုယ် နားလည်ဖို့ ၊ လိမ္မာဖို့ ၊ အပြင်မှာ မကောင်းတဲ့ သူတွေ နဲ့တွေ့ရင် စာ မတတ်တဲ့ အတွက် အမှားအမှန် မခွဲခြားနိုင်တာမို့ ... မကောင်းတဲ့ နေရာ တွန်းပို့သွားတဲ့ သူတွေ နဲ့ တွေ့ရင် ဒုက္ခရောက်ရမယ် က အစ .... သူ နားလည်အောင် ရှင်းပြပြီး သွန်သင် ဆုံးမ တွဲခေါ်ပေးခဲ့ပေမယ့် .... ခွေးမြှီးကောက် ကျည်တောက်စွပ် လို့ ...တခဏတာဘဲ ရခဲ့ပြီး .... အတန်း ပညာ လုံးလုံး မရှိရှာတဲ့ သူမ ကျွန်မ ဆီမှာ သန့်ရှင်းရေးသမား သက်သက် ဘ၀ နဲ့ ရေရှည် ဆက်မနေနိုင်တော့တဲ့ အဆုံး ...... တစ်ရက်သော မိုးမလင်းခင် မနက် အစောကြီး အချိန်မှာ ထွက်ပြေးသွားပါတော့ တယ် ..... ကဲ ဒုတိယ အကြိမ်တော့ သွားပြန် ပြီပေါ့ ... သတ္တ၀ါ တစ်ခု ကံ တစ်ခုဘဲ ... ဆိုပြီး ..... အလုပ် တစ်ဘက် နဲ့ ကျွန်မ လည်း စိတ်မကောင်းဖြစ်တာ က လွဲလို့ ... ဘာမှ မတတ်နိုင်တော့ပါဘူး .......
နောက် သိပ် မကြာပါဘူး ... သူ ကျွန်မ ဆီ မှာ မပျော်ပေမယ့် သူ့ အပေါ်ကောင်းတာ ကျွန်မ ဘဲ ရှိတာ ကို သိတာမို့... အိမ်မှာ နေစဉ် ကျွန်မ နဲ့ ဘယ်လောက် စိတ်ကောက်ကောက် အပြင်ရောက်တိုင်း တော့ ကျွန်မ ဆီ ကို မကြာမကြာ ဖုံး ဆက်လာတတ် သလို .... သူ ဘယ်ရောက်လို့ ဘယ်မှာနေနေတယ် ကို က အစပြောပြတတ်ပြီး ကျွန်မ လည်း ရင်တမမ နဲ့ နားထောင်တတ်ခဲ့ ပါတယ် .... အဲဒီလို နဲ့ တစ်ရက် ကျတော့ ကျွန်မ ဆီ သူ ပြန်လာနေချင်တယ် ... ဆိုပြီး ဖြစ်ပြန်ပါရော ... ဒီတစ်ခါ မှာတော့ ကျွန်မ ဆိုတာ အများနဲ့ အလုပ်လုပ်ရသူမို့ .... စိတ် ဂဏာမငြိမ် ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ သူ့ တစ်ယောက် ကြောင့် အေးအေးဆေးဆေး နေရှာတဲ့ ကျွန်မ သင်တန်း က ကလေး တွေ အကျင့်ပျက်မှာ စိုးတာ နဲ့ ထပ် လက်မခံတော့ဘူး .... လို့ ပြောတာမှာ ... ကျွန်မ စိတ်ပူတတ်မှန်း သိတဲ့ သူ က ကျွန်မ ပြန်မခေါ်ရင် သူ အနှိပ်ခန်း တစ်ခု မှာ အလုပ် သွားလုပ်တော့မယ် တဲ့ ... သူ့ကို ပွဲစားတစ်ယောက် က.... ရိုးရိုးဘဲ နှိပ်ရမှာ... ရှုပ်ရှုပ်ယှက်ယှက်တွေ လည်း မရှိဘူး .... ပိုက်ဆံလည်း လုပ်နိုင်ရင် လုပ်နိုင်သလောက် ရနိုင်မယ် .... ဆိုတဲ့ နေရာ တစ်နေရာ ပို့ပေးပါမယ် ... တဲ့ ... ကျွန်မ ပြန်မခေါ်နိုင်ပေ မယ့် ... မသွားဖို့.... ရိုးရိုးကောင်းကောင်း မွန်မွန် အိမ်မျိုး မှာ ဘဲ အလုပ်လုပ်ဖို့ .... ပြောပေမယ့် .... အဲဒီ အိမ်တွေ က ပေးတဲ့ လစာ က နည်းလို့ များများရမယ့်နေရာ ကို ဘဲ စွန့်ပြီး လုပ်ကြည့်ချင်ပါတယ် တဲ့ .... သမီး ကိုယ် သမီး ထိန်းနိုင်ပါ တယ် ...... အမ ရယ် တဲ့ ... အမ မခေါ်ချင်လည်း နေပါ ဆိုပြီး .... ဖုံးချသွားပါတယ် .....
အဲဒီနောက်ပိုင်းမှာတော့ ... ကျွန်မ လည်း ဆိုင် နှစ်ဆိုင် ၊ အလုပ် ( ၂ ) မျိုး နဲ့ ရှုပ်ယှက်ခတ်နေတာမို့ .... သူ့ကို လုံးဝ သတိ မရတော့ဘဲ နေရင်းမှ ..... လုံးဝ မမျှော်လင့်တဲ့ တစ်ရက်မှာ .... ငိုကြီးချက်မ ၊ ကယ်ပါ ယူပါ တစာစာ နဲ့ ကျွန်မ ဓာတ်ပုံဆိုင် ကို ၀ရုန်း သုံးကား နဲ့ရောက်ချလာပါတော့တယ် ... သူ့ ၀တ်စားလာပုံ နဲ့ သူ့ အမူအရာ ကို မြင်လိုက်ကထဲ က သူ့အနေအထား ကို ကျွန်မ သဘောပေါက်လိုက်ပါတယ် ..... ကျွန်မ အတန်တန် တားခဲ့ ၊ သတိပေးခဲ့တဲ့ ကြားက ဖြစ်ရလေခြင်း ဆိုပြီး လည်း စိတ်မကောင်း ဖြစ်ရ ပါတယ် .... သူ ပြောချင်ရာ ပြောပါစေ ဆိုပြီး နားထောင်ပေးမိတော့ .... ကျွန်မ နဲ့ နောက်ဆုံး ဖုံးပြောပြီးတဲ့ နောက်မှာ အနှိပ်ခန်း တစ်ခု မှာ အလုပ် ရတဲ့ အကြောင်း ... အဲဒီမှာတော့ သမားရိုးကျဘဲ မို့ .... သူ့ထက် ပိုရမယ် ... နင့် အိမ် ကို လည်း အချီကြီး ပြန်ထောက် ပံ့နိုင်မယ် ဆိုတဲ့ ပွဲစား စကား ကို ယုံစားမိတဲ့ အတွက် .....တခြား ပိုက်ဆံ ပိုရမယ့် နေရာ ကို ကူးရင်း သူ့ဘ၀ ပျက်ခဲ့ရပြီ ဖြစ်ကြောင်း ၊ အဲဒီနေရာမှာ လာတဲ့ ဧည့်သည် ကို ငြင်းဆန်ရင် သူတို့ခေါ်တဲ့ သူဌေး ဆိုသူ က ဧည့်သည် ပြန် တာ နဲ့ အရှိုး အပြိုင်းပြိုင်းထအောင် ရိုက် တဲ့ အကြောင်း ၊ သူ့ အိမ် ကို ကောင်းကောင်းထောက်ပံ့နိုင်မယ် ဆိုတဲ့ ပို့ပေးတဲ့ ပွဲစား ကလည်း ရောင်းစားသွားတာ မို့ .... ထွက်ပြေး တာ နဲ့ အသတ်ခံရမှာ ဆိုတဲ့ အကြောင်း .... နဲ့ စပ်စပ် စုစု ကျွန်မ က နင် ရောဂါ ကူးမှာ မကြောက်ဖူးလား ... လို့ မေးတော့ ... စာ မတတ်တဲ့ မိန်းကလေးငယ်တွေ ကို ရိုက်သွင်းထားပုံ က သုံးလဆေး မှန်မှန်ထိုးတာ ... ကာကွယ်ပြီးသား ဖြစ်ကြောင်း ... ဘာရောဂါ မှ မရနိုင်ကြောင်း နဲ့ ... သူ နဲ့ ဘ၀တူ မိန်းကလေး တွေ အများကြီးလည်း ဤသို့ဘဲ လုပ်ကြကြောင်း ပြောပြသွားသလို .... ပိုက်ဆံ က ဧည့်သည်ပေါ် မူတည်ပြီး တစ်လ ကို ငါးသိန်းလည်း ဟုတ် ၊ ခြောက်သိန်းလည်း ဟုတ် .... ရတယ်..... ဆိုတဲ့ အကြောင်း ကြားရတဲ့ ကျွန်မ က ..... အမ အတန်တန် သတိပေးခဲ့တဲ့ ကြားထဲက မှ ဖြစ်မှဖြစ်ရလေ ... သမီးရယ် ...... နင့် မှာ ဘ၀ ပျက်တယ်ဆိုတာ ဘာမှန်း ညာမှန်း မသိဘဲနဲ့ ပျက်ရတာ ... ယောကျာ်းဆိုတာ လည်း ဘာမှ မသိ ၊ ရည်းစားထားတယ် ဆိုတာ လည်း မကြားခဲ့ရ ဖူးဘဲ နဲ့ ... ဆိုးရွားလိုက်တဲ့ ဘ၀ .... ကြည့်စမ်း ... အမ ဆိုင် က ကလေး တွေ လစာ က သမီး ရတဲ့ ပိုက်ဆံရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိကြဘူး .... ဒါပေမယ့် သူတို့ မျက်နှာလေးတွေ နဲ့ သူတို့ ဘ၀လေးတွေ သမီး ကြည့်စမ်း ... ညည်းလို ပူလောင် နေရသလား .... အဲဒါ ဘဲ ... သမီး ကို အမ မမှားခင် ၊ မဖြစ်ခင် ၊ အမုန်းခံပြီး ခဏခဏ ပြောခဲ့ရတာ .... ဆိုတော့ ..... သူ့ ကို ကယ်ပါ ... ဒီတစ်ခါ တကယ် ကျွန်မ စကား နားထောင်ပါတော့မယ် တဲ့ ..... ဒီ အလုပ်ကြီး သမီး လုံးဝ ဆက်မလုပ်ချင်တော့ လို့ပါ ဆိုပြီး .... ငိုငိုပြီး ပြောနေပါတော့တယ် .....
ကျွန်မ လည်း စိတ်မကောင်းဖြစ်လှပေမယ့် .... ဘယ်လို မှ ကယ်လို့မရတော့သလို ..... နာမည်ပျက် လို့ မရတဲ့ ကျွန်မ အလုပ် ထဲ .... ကျွန်မ ပုံစံ သွင်းထားတဲ့ ကျိုးကျိုးနွံနွံ ကလေးတွေ ကြားထဲ ဘယ်လိုမှ ဆက်စပ်လို့ မရတော့တာ မို့ .... သမီး ...အမ ပြောတာ နားထောင်စမ်း .... သမီး အခု အမ ဆီ လာနေလို့ လည်း ဘယ်လို မှ မဖြစ်ဘူး ... အမ ယောကျာ်း ကလည်း ရှုပ်ရှုပ် ယှက်ယှက် လုံးဝ မကြိုက်ဘူး .... အဲဒီတော့ သမီး ဘ၀ ကို အမ နောက်ဆုံး အကြိမ် အကြံပေးလိုက်မယ် ..... သမီး အခု လုပ်ချင်ချင် ၊ မလုပ်ချင်ချင် ၊ အခိုက်အတန့်  ခဏမှေးနေပြီး .... အရင်းအနှီး ပိုက်ဆံ တစ်ခု ရအောင် ကြိတ်မှိတ်ပြီး စုလိုက် .... ပြီးရင် သမီး .... အသုတ်ဖြစ်ဖြစ် ၊ မုန့်ဟင်းခါး ဖြစ်ဖြစ် ၊ ဈေးဆိုင် ကလေး တစ်ခု ဖွင့်ပြီး ..... ငါ ကျန်တဲ့ ဘ၀ တလျှောက်လုံးကောင်းအောင် ကြိုးစား ပြီးနေမယ် ...... စားရသောက်ရမဲ့လို့.... ငတ်ပြတ်ပြီး သေချင်သေပါစေ .... ဒီ မကောင်းတဲ့ အလုပ် နဲ့ မကောင်းတဲ့ ဘ၀ ဆိုး ကို ဘယ်တော့ မှ ပြန် မသွားတော့ဘူး .... လို့ စိတ်ဒုံးဒုံးချပြီး ... အပြတ်ဖြတ်ခဲ့ ..... တကယ် စ လုပ်တဲ့ အလုပ် ကို အကောင်းဆုံး ကြိုးစားပြီး လုပ် ... မကောင်းခဲ့တဲ့ ဘ၀တွေ အားလုံး ကို ပြန်ပြန် မခံစားဘဲ .... ငါ ဘာ မှ မဖြစ်ခဲ့ဘူး လို့ .... မသိစိတ်ထဲ ပို့ပြီး မေ့လိုက် ... သမီး ကောင်းကောင်း မွန်မွန် အလုပ်လေး လုပ်ရင်း ... နဲ့ တစ်ချိန်မှာ ကိုယ့် အပေါ် အတည်အတံ့ ချစ်ကြိုက်ပြီး လက်ထပ်ချင်တဲ့ သူ ပေါ်လာရင် .... မလိမ်နဲ့ ... မညာနဲ့ ...သူ မယူချင် နေပါစေ ... အရိုးသားဆုံး ၀န်ခံပြီး သူကျေနပ်ရင် ယူလိုက် .... သမီး ဘ၀ မှာ အဲဒီလို နေ့လေး ရောက်ပြီး အမြန်ဆုံး အေးချမ်းနိုင် ဖို့ ... အမ ဆုတောင်းပေးနေမယ် .... လို့ .... ကျွန်မ အဖြစ်သင့်ဆုံးလေး စဉ်းစား ပြီး အကြံလေး ပေးလိုက်ရပါတယ် .....
အခုနောက်ဆုံးမှာတော့ .... ပြီးခဲ့တဲ့ ..... ခြောက်လ လောက် က ဖုံးဆက် လာပြန်ပါတယ် ..... အမ စေတနာ နဲ့ သမီးဘ၀ အတွက် ပြောပေးတာ ..... ကျေးဇူးတင်ပါတယ် .... တဲ့ .... ဒီ ဘ၀ မှာတော့ မရတော့ပါဘူး....အမ ရယ် ...သမီး ဘ၀ နဲ့ သမီး သာ ရှိပါစေတော့ .... ဆိုပြီး ကြေကြေကွဲကွဲ နာနာကျည်းကျည်း ပြောသွားပြန်တာ မို့ ... သူ့အပေါ် ဘယ်လောက် စိတ်ဆိုးဆိုး ရေစက် မကုန်ခဲ့တဲ့ ကျွန်မ အကျိုးသင့် အကြောင်းသင့် မေးမြန်းလိုက်တော့ ..... အဲဒီ အနှိပ်ခန်း မှာ အလုပ်လုပ်ရင်း .... သူ့ ဘ၀ ကို နားလည်ပေးနိုင်မယ် ထင်တဲ့ ယောက်ျား တစ်ယောက် ကို တွေ့ခဲ့ရပါတယ်.... တဲ့ .... သူ့ အပေါ် ကို လည်း တော်တော်လေး ချစ်ချစ် ခင်ခင် ကြင်ကြင်နာနာ နဲ့ပါဘဲ....တဲ့ .... အမ စကားနားထောင်ပြီး သမီး ဒီ ဘ၀ ကို မပျော်တဲ့ အကြောင်း ၊ မိသားစု ဘ၀ လေး နဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေချင်မိတဲ့ အကြောင်းတွေ ပြောပြရင်း နဲ့ ..... သမီး ကို ဒီဘ၀ ထဲ က ဆွဲထုတ်ပေး မယ် ဆိုတဲ့ သူ့ စကား ကို ယုံကြည်ပြီး .... ဘာလုပ်လို့ဘယ်မှာ နေတယ်မှန်း မသိတဲ့ သူ့နောက် ... ကောက်ကောက်ပါအောင် ... လိုက်ခဲ့မိသလို .... ဒုက္ခ အမျိုးမျိုး နဲ့ သမီး ဘ၀ ကို ကယ်တင်ပြီး အတည်တကျ ပေါင်းသင်းပါ့မယ် .... ဆိုပြီး တကယ်တမ်း လည်း ကျရော ... အိမ် တစ်လုံး နဲ့ အငှား ထားပေးထားတာ က လွဲလို့ တရားဝင် ယူဖို့နေနေသာသာ .... သူ့ မှာ တရားဝင် သားကြီး ၊ မယားကြီး နဲ့ .... မယားငယ်တွေ က လည်း အများကြီး အပြင် ... သူ က အလုပ် မလုပ်ဘဲ အဲဒီ မိန်းမတွေ အားလုံး ကို ပါ မကောင်းတဲ့ ဘ၀ နဲ့ ပိုက်ဆံ ရှာခိုင်းပြီး ထိုင်စားနေတဲ့ ..... လုံးဝ ထင်ရက် စရာမရှိတဲ့ ယောကျာ်း တစ်ယောက် ဖြစ်နေမှန်း အခုမှ သိရပါတယ် ...... အမ ရေ တဲ့ .....
ကျွန်မ Notes ကို ဖတ်မိတဲ့ သူများ ... ဘယ်လို ခံစားရမလဲ မသိပေမယ့် .... ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို အစအဆုံး စမြုံ့ ပြန်ပြီး ပြန်ပြောရတဲ့ ကျွန်မ တောင် ..... တလှပ်လှပ် နဲ့ အခါခါ ရင်မောခဲ့ရပါတယ် ..... ရေးရတာ စိတ်မောရစရာ ကောင်းလှသလို ၊ ဖတ်သူတိုင်း စိတ်မချမ်းသာ ရတဲ့ ဒီ Notes လေး ကို ရေးဖြစ်တဲ့ အကြောင်း က ဒီလိုပါ ...... ကျွန်မ Face Book မှာ ရေးခဲ့သမျှ Notes လေးတွေ ပေါင်းစည်းပြီး တင်ထားခဲ့တဲ့ ... http://www.gingerbeautyland.com/notes_13.html တွဲမိတဲ့ လက်နှစ်စုံ သက်ဆုံးတိုင်စေတော့ ..... ဆိုတဲ့ Notes .... မှာ .... မိဘတွေ မသင့်မြတ်ရင် အပြစ်မရှိတဲ့ ကလေးတွေ စိတ်ဆင်းရဲကြရတာ မို့ ... ကိုယ် မွေးထားတဲ့ ကလေးတွေ ကို ဘယ်လို အကြောင်း နဲ့ မှ စိတ်မဆင်းရဲစေချင်တဲ့ အတွက် ယူပြီး မှတော့ သူ့ ထက် ပိုဆိုးမယ့် သူ နဲ့ သာ နှိုင်းယှဉ်ပြီး အတတ်နိုင်ဆုံး သီးခံ ပေါင်းဖက်ကြစေဖို့ ရေးခဲ့ဖူးသလို .... ပြီးခဲ့တဲ့ လ က ရေးဖြစ်ခဲ့တဲ့ http://www.gingerbeautyland.com/notes_29.html သင်းကွဲငှက်ငယ်များ ၏ အဆိပ်သင့် ဒဏ္ဍာရီ မှာ ကျတော့ ... အဆင်မပြေတဲ့ မိဘတွေ ရဲ့ မသင့်မြတ်ကြတဲ့ ရန်ပွဲတွေ အမျိုးမျိုးကြားမှာ ကြီးပြင်းလာရတဲ့ အပြစ် မရှိတဲ့ ကလေးငယ်တွေ ခမျာ ဘယ်သို့ ဘယ်ပုံ စိတ်ဒဏ်ရာ ရကြပြီး ဘ၀ ပျက်ကြရတယ် ... ဆိုတဲ့ အကြောင်းတရား တွေ ရေးဖြစ်ခဲ့ပြီး .... အခု စိတ်မောစရာ ဒီ Notes လေး မှာတော့ ကျွန်မ အဓိက ပြောချင်တာ ... မိဘတွေ ရဲ့ အိမ်ထောင်ရေး အဆင်မပြေတဲ့ ခါးသီးတဲ့ ဘ၀ဆိုးတွေ ကြား က စိတ်ဒဏ်ရာ ဒဏ်ချက် အမျိုးမျိုး နဲ့ ကြီးပြင်းလာရတဲ့ လူငယ်လေးတွေ အပေါ် ကိုယ်ချင်းစာစွာ နဲ့ နားလည် ခံစားမိတဲ့ စိတ်ကလေး ကနေ ..... စေတနာ ၊ မေတ္တာစိတ် ကလေး ထပ်တိုးပြီး သူတို့ ဘ၀ ရပ်တည်မှု အတွက် စိတ်ဓာတ် ခွန်အားလေး ပေးချင်မိတဲ့ အတွက် ဘဲ .... ဖြစ်ပါတယ် .....
သင်ဟာ အကယ်၍များ ပုံစံ အမျိုးမျိုး နဲ့ ဘ၀ နောက်ကြောင်း မလှခဲ့ရတဲ့ .....ဆက်ရက် ငှက်ငယ်လေး တစ်ကောင် ဖြစ်ခဲ့ပါက .... လတ်တလော မှာ ... သင့် အပေါ် တဒင်္ဂတာ နားလည် ခံစားပေးမယ့်သူ ကို လိုက်မရှာပါနဲ့ .... အခိုက်အတန့်တွေ့တဲ့ သူ တစ်ယောက် ရဲ့ စကားတွေ ကို အယုံ မလွယ်ပါနဲ့ ..... သင် နိမ့်ကျ သိမ်ငယ်နေတဲ့ အချိန်မှာ တွေ့ရတဲ့သူ ဆိုတာ သင့် ကို တွဲခေါ်နိုင်မယ့်သူ ဖြစ်ဖို့ထက် သင့် စိတ် ကို အခိုက်အတန့်မျောလွင့်ပေးပြီး ပိုပြီး နစ်သထက် နစ်စေတဲ့ ဘ၀များစွာ ကို ဆွဲချ သွားတတ်ပါတယ် ...... ထို့ အတွက် လိုက် မခံစား ၊ စိတ်အား မငယ်ဘဲ ၊ ကိုယ့် ဘ၀ အမှန်တရား ကို အရှိအတိုင်း လက်ခံ လိုက် ပြီး လောကဓံ ဘယ်လို ဆိုးဆိုး .... ဆိုးရွားလိုက်တဲ့ ကံကြမ္မာ ကို စိန်ခေါ် အံတုပြီး အောင်မြင်တဲ့ မိသားစု ဘ၀ များစွာ က လာတဲ့ ရွယ်တူ တန်းတူတွေ ထက် ပိုပြီး အောင်မြင်အောင် ကြိုးစားပြလိုက်ပါ .... ကိုယ် လျှောက်ရမယ့် လမ်းကို ကိုယ်တိုင်ဖောက်ပြီး ခါးသီး တဲ့ ကိုယ့် ဘ၀ ကို သူများတွေ မျှော်လင့်ထားသလို ရေစုန် မမျှောဘဲ .... ကိုယ့် ဘ၀ ကိုယ် ကျောင်း လို့ ရေဆန် တက် ပြီး အောင်မြင်လာ ရတဲ့ အရသာ ဆိုတာ ... ဘာ နဲ့မှ မတူနိုင်စွာ ..... ပိုလို့ ချိုမြိန်သလို ပိုပြီးတော့လည်း ဂုဏ် ရှိပါတယ် ....
ဘယ်လိုမှ မခံစားနိုင်လောက်အောင် သင် စိတ်ထိခိုက် ခံစားလာရတဲ့အခါတိုင်း ..... လူ မမြင်တဲ့ နေရာ တစ်ခု မှာ စိတ်ကို အတိုင်းအဆ မရှိ လွှတ်ပေးလိုက်ပြီး ..... အားရအောင် ရင်ဖွင့်ပြီး ငိုကြွေးလိုက်ပါ ..... ငိုလို့ ၀ ရင် ... စာနာမယ့် သူ မရှိ / ကူကယ်ရာ မရှိတဲ့ ဘ၀ကြီး မှာ ဘယ်လောက်ကျနိုင်မလဲ .... ကြိုက်သလောက်ကျ ၊ အကြိမ်ကြိမ် ပြုတ်ကျစမ်းကွာ ... လို့ ကြုံးဝါးပြီး ဆယ်ကြိမ်လဲ ရင် ဆယ့်တစ်ကြိမ် အားတင်းပြီး ကြိုးစား ပြန်ထပါ ..... အကြိမ် တစ်ရာ လဲဖူးရင် တစ်ရာ့ တစ်ကြိမ် မှာ သင် ဟာ အောင်မြင်အောင် ပြန်ထနိုင်တဲ့သူ သာ ဖြစ်ပါစေ ... လောက ကြီး ကို အရွဲ့မတိုက်ပါနဲ့ ... အရွဲ့တိုက်မိခဲ့လျှင် .... သူ့ ဟာသူ နေတဲ့ လောကကြီး က မရွဲ့ဘဲ .... ကံဆိုးချိန်များ မှာ ဘယ်လိုလူ လာလာ မကယ်တင်ပေးနိုင်တာမို့ .... ယုံစားမိတဲ့ သင့် ဘ၀သာ ပိုပြီး ဆိုးရွားသွားပါလိမ့်မယ် ...... ထို့အတွက် ဘယ်လောက်ဘဲ ဒုက္ခရောက်ရောက် ... ဆိုးရွားလိုက်တဲ့ လောကဓံ ဆိုတာကြီး ကို သတ္တိရှိရှိ နောက်မဆုတ်တမ်း စိန်ခေါ် ပြီး ..... သင့် ရဲ့ အရှုံး မပေးတဲ့ စိတ်ဓာတ် နဲ့ မဆုတ်မနစ် ကြိုးစားပြီး ရဲရဲဝံ့ဝံ့ အောင်ပွဲခံနိုင်ကြပါစေ .... လို့ .....
( အဆင်မပြေ နိမ့်ကျ သိမ်ငယ်ရတဲ့ မိသားစု ဘ၀ အမျိုးမျိုးက စိတ်ဒဏ်ရာ ဗလပွ နဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ လောကဓံ ဆိုတာကြီး ကို ယှဉ်ပြိုင်ကာ အနိုင်ရလို့ ဘ၀ မှာ ထူးချွန် အောင်မြင်သော လူငယ် ကလေးများ ဖြစ်နိုင်ကြပါစေကြောင်း .... ဆန္ဒများစွာဖြင့် )
သမီး
ကို ဒီဘ၀ ထဲ က ဆွဲထုတ်ပေးမယ် ဆိုတဲ့ သူ့ စကား ကို ယုံကြည်ပြီး ....
ဘာလုပ်လို့ဘယ်မှာ နေတယ်မှန်း မသိတဲ့ သူ့နောက် ... ကောက်ကောက်ပါအောင် ...
လိုက်ခဲ့မိသလို .... ဒုက္ခ အမျိုးမျိုး နဲ့ သမီး ဘ၀ ကို ကယ်တင်ပြီး အတည်တကျ
ပေါင်းသင်းပါ့မယ် .... ဆိုပြီး တကယ်တမ်း လည်း ကျရော ... အိမ် တစ်လုံး နဲ့
အငှား ထားပေးထားတာ က လွဲလို့ တရားဝင် ယူဖို့နေနေသာသာ .... သူ့ မှာ တရားဝင်
သားကြီး ၊ မယားကြီး နဲ့ .... မယားငယ်တွေ က လည်း အများကြီး အပြင် ... သူ က
အလုပ် မလုပ်ဘဲ အဲဒီ မိန်းမတွေ အားလုံး ကို ပါ မကောင်းတဲ့ ဘ၀ နဲ့ ပိုက်ဆံ
ရှာခိုင်းပြီး ထိုင်စားနေတဲ့ ..... လုံးဝ ထင်ရက် စရာမရှိတဲ့ ယောကျာ်း
တစ်ယောက် ဖြစ်နေမှန်း အခုမှ သိရပါတယ် .....
Wednesday, September 12, 2012
Professional .....
Professional
...... ဆိုတဲ့ လူတွေ သတ်မှတ် လက်ခံ ယုံကြည်ကြ တဲ့ အောင်မြင်တဲ့ ဘ၀ တစ်ခု
ကို နှစ်သက် အားကျမိ တဲ့ ကျွန်မ ဒီ Notes လေး ရေးဖို့ ကြိုးစားနေတာ
တော်တော် ကြာပါပြီ .... ခေါင်းစဉ်တို သလောက် တော်တော်လေး ကျယ်ပြန့်တာ မို့
.... ရေးဖို့လည်း ခက်ခဲလှတဲ့ အတွက် ဆိုလိုချင်တဲ့ အချက်အလက်တွေ
စုံလင်အောင် တော်တော်လေး အချိန်ယူ စုဆောင်းပြီး မှ ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ်
...... Professional ...... ဆိုတာ ကို အင်္ဂလိမ် - မြန်မာ အဘိဓာန် ထဲမှာ .... ကျွမ်းကျင် အတတ် ပညာရှင် ၊ ကြေးစား ၊ ပညာရှင် ပီသသူ လို့ တိုက်ရိုက် ဖွင့်ဆိုထားတာ ကို တွေ့ရပေမယ့် ..... တကယ်တန်း မှာ ကျွန်မ နားလည်မိ တဲ့
Professional ဆိုတာ လုပ်ငန်းရှင် ဖြစ်မှ ၊ ပိုင်ရှင်ဖြစ်မှ ၊ ပညာရှင်
ဖြစ်မှ ၊ မဟုတ်ဘဲ အတတ်ပညာ ၊ အသိ ပညာရှင် တိုင်း ၊ ရင့်ကျက် ပြည့်စုံ သည့်
အတွေ့ အကြုံ တစ်ခု အတွက် ကိုယ် လုပ်ကိုင်ရာ / ၀ါသနာပါရာ အလုပ် တစ်ခု ထဲ
မှာ Professional ဖြစ်အောင် သူတို့ ၏ တန်ဖိုး ရှိလှစွာသော အချိန် ၊ ငွေ ၊
စိတ် ၊ ဘ၀ ပင်ပန်း ဆင်းရဲခြင်း များစွာမြှုပ်နှံ ၍ တစိုက်မတ်မတ် ရင်းနှီး
ပေးဆပ် ပြီး ကြိုးစား အားထုတ် လာသူတိုင်း ကို ဆိုလိုတာ ဖြစ်တယ်
... လို့ လက်ခံ ယုံကြည် ထားပြီး .... ထိုသူများ အားလုံး ကို အထင်ကြီး
လေးစားတဲ့ ကျွန်မ ဂုဏ်ယူ အားကျစိတ်များစွာ နဲ့ အတူ ...... နယ်ပယ် အသီးသီး
မှာ အလုပ် လုပ်နေကြတဲ့ မောင်လေး ၊ ညီမလေး များ အတွက်ပါ တစုံတရာ အကျိုး
ရှိစေချင်တဲ့ ရည်ရွယ်ချက် ကလေး နဲ့ အတူ ဒီ Notes လေး ကို ကျွန်မ အမြင်
ရှုထောင့် တစ်နေရာ ကနေ ကြိုးစားပြီး ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ် ......
Professional အကြောင်း မပြောမီ ..... ကျွန်မ တို့ Customer များ အနေ နှင့် မိမိ အတွက် ၊ မိမိ ဘ၀ အတွက် တစ်ခုခု အသေးအမွှား က နေ ကြီးကြီးမားမား အထိ သွားဖို့ ၊ လာဖို့ ၊ စားဖို့ ၊ သောက်ဖို့ .... က အစ ပျော်စရာ ၊ ရွှင်စရာ တစ်ခုခု လိုအပ်လာ လျှင်ဘဲ ဖြစ်ဖြစ် .... အိမ်ထောင်ရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး မှ သည် ဘ၀ နေရေး ထိုင်ရေး အထိ ကိုယ့် ဘ၀ အတွက် တစုံတရာ လိုအပ် လာသည့် သွားဖို့ / လာဖို့ / ၀တ်ဖို့ / စားဖို့ /ကျန်းမာဖို့ / လှပဖို့ / တိုင်ပင်ဖို့ / အလုပ်အပ် ဖို့ ..... စသဖြင့် .....ပထမ ဦးစားပေး ရွေးချယ် စဉ်းစားသည့် အခါတွေတိုင်း မှာ ... ထို အလုပ် ထိုလောက မှာ ဘယ်သူဟာ နာမည် ပိုကြီးသလဲ ... ပိုအောင်မြင်နေ သလဲ ၊ လူတွေ ရဲ့ လက်ခံ ယုံကြည်မှု ဘယ်လောက် အထိ ပိုရနေသလဲ .... စတဲ့ Professional ပိုဖြစ်နိုင်မယ် ထင်တဲ့ အချက် အလက်တွေ ကို ပထမ ဦးစားပေး ရွေးချယ်ပြီး မှ ကိုယ် တတ်နိုင်သည့် ငွေကြေး ၊ ကိုယ် သွားလာနိုင်သည့် နေရာ ၊ ကိုယ့် အတွက် ဘယ်လောက် အရေးတကြီး ဆောင်ရွက်သင့်တဲ့ အလုပ်ဖြစ်မလဲ ၊ သွားရေး လာရေး လွယ် ၊ မလွယ် က အစ အမျိုးမျိုး ချင့်ချိန်ပြီး သာ ဒုတိယ ဦးစားပေး ၊ တတိယ ဦးစားပေး စသဖြင့် မိမိ နှင့် အဆင်ပြေ သင့်တော်နိုင်သည့် အနေအထား နှင့် တဆင့်ပြီး တဆင့် လျှော့လျှော့ စဉ်းစားပြီး ဖြစ်နိုင်သမျှထဲက အကောင်းဆုံး ကို ရွေးခြယ် ဆောင်ရွက်လေ့ ရှိကြတာဘဲ ဖြစ်ပါတယ် .....
ထိုသို့ဖြစ်သော်ငြားလည်း .... လူတော်တော် များများ သတိမပြုဘဲ ပြောဆိုတတ်ကြသည့် Professional ကို အားကျ ကြ သည့် အကြောင်းအရာလေးများ ကို လည်း ထည့်သွင်းပြောပြချင်ပါတယ် ..... ဥပမာ .... ကိုယ့် ကျန်းမာရေး အခြေအနေ အရ ခွဲစိတ် ဆရာဝန်ကြီး တစ်ယောက် နှင့် မဖြစ်မနေ ပြဖို့ ရွေးခြယ်ရမယ် ..... ဆိုပါတော့ .... မည်သူ တစ်ဦး တစ်ယောက် က မှ အမှားအယွင်း အတိမ်းအစောင်း မခံနိုင် သည့် အတွက် .... ကိုယ် အထင်အကြီးဆုံး ၊ အယုံကြည်ဆုံး ၊ စိတ်အချရဆုံး ကိုသာ ရွေးခြယ်၍ ကိုယ့် ရောဂါ ၊ ကိုယ့် အသက် ကို ယုံယုံ ကြည်ကြည် နှင့် ပုံအပ်ကြမည် ..... ချည်းသာ ..... သို့ပေမယ့် .... အမှတ်တမဲ့ ပြောဆိုမိကြသည် က ..... ထို ဆရာဝန် ကြီး ကို ဖြင့် တစ်နေ့ ကို လူနာ ဘယ်နှစ်ယောက်လောက် လာပြကြတယ် .... ဘယ်နှစ်ယောက် က ခွဲစိတ်မယ် .... ဆေးရုံ တစ်ခု ပြီး ရင် နောက် ဘယ်နှစ်ခု ပြေးကြည့် ရမယ် .... ပြီးရင် ဘယ်ဆေးခန်း ကနေ ဘယ်ဆေးခန်း ... အဲဒါ ဆို လူနာ တစ်ယောက် ကို ကြည့်လျှင် စမ်းသပ်ခ က ဘယ်လောက် ၊ လူတစ်ယောက် ကို ခွဲစိတ်လျှင် ခွဲစိတ် ခ က ဘယ်လောက် ၊ ဆေးရုံ မှာ တစ်မနက်မှာတင် ခွဲစိတ် လိုက်ရတာ ဘယ်နှစ်ယောက် ၊ ပြီးရင် ဘယ်ဆေးရုံ ၊ ဘယ်ဆေးခန်း .... ကူးရအုံးမယ် ..... ဟား ... အဲဒါဆို အဲဒီ ဆရာဝန်ကြီး က သူဌေးဘဲ .... ထောတာပေါ့ ..... ငါ့ သားလေး ကြီးလာရင် ....... အဲဒီလို ဆရာဝန်ကြီး ဘဲ လုပ်ခိုင်းတော့မယ် .... တဲ့ .......
နောက် ပန်းချီ ပြခန်း တစ်ခု မှာ နာမည်ကျော် ပန်းချီ ဆရာကြီး တစ်ယောက် ရဲ့ တန်ဖိုး အနဂ္ဂပေးရမည့် ဂန္ဓ၀င်မြောက် လက်ရာ ပန်းချီကား တစ်ကား ကို နားမလည်ဘဲ လက်ဆောင်ပေးချင်ရုံ သက်သက် မို့ ဈေးဆစ်နေတဲ့ သူ က ..... ဈေး က နည်းနည်း များနေတယ် ... လျှော့ပါအုံး ... တဲ့ ... ရောင်းတဲ့ သူ က ပြပွဲဈေး က သတ်မှတ်ဈေးနှုန်း ဖြစ်သလို .... နာမည်ကျော် ပန်းချီ ဆရာကြီး တစ်ယောက် ရဲ့ လက်ရာဖြစ်လို့ တန်ဖိုးကြီးတာပါ ... တခြား ကားတွေ ထဲ က ဆို ဈေးသက်သာတာ တွေ ရှိပါတယ် .... ဆိုတာမှာ နားမလည်ဘဲ ပြန်ပြောတဲ့ .... ၀ယ်သူ ရဲ့ စကားမို့ .... စိတ်ဆိုး လည်း အခက် ၊ စိတ်မဆိုး လည်း အခက် ၊ ကြားရသူ အတွက် မှာ အောင့်သီး အောင့်သက် နှင့် အခံရ ခက်လှပါတယ် ..... ပန်းချီ ကား ကင်းဘတ်စ်စ က ဘယ်လောက် မှ မရှိဘူး ... ပန်းချီ ဆေးတွေ ကို လည်း ငါ သိတယ် ..... ဘောင်တန်ဖိုး က လည်း တွက်လို့ရပါတယ် ..... တဲ့ ..... သူ လုံးလုံး နားမလည် သွားတာ က ဖန်တီးသူ တစ်ယောက် နှစ်ပေါင်း များစွာ ရင်းနှီး မြှပ်နှံ ပေးဆပ်ခဲ့ရသည့် နေရာ တစ်နေရာ အတွက် .... ထိုက်တန်သည့် တန်ကြေး ..... ဆိုတာ ဘဲ ဖြစ်ပါတယ် .....
တစ်ခါကြေး အကြီးဆုံး / ဈေးအမြှင့်ဆုံး ရနေကြသည့် အနုပညာရှင် မင်းသား ၊ မင်းသမီး ၊ နာမည်ကြီး ဒါရိုက်တာ ၊ နာမည်ကျော် အဆိုတော် ၊ အတီးအမှုတ် ဂီတ ပညာရှင် ၊ နာမည်ကြီး စာရေး ဆရာ ၊ လူတွေ လက်ခံ ယုံကြည်နေကြသည့် စီးပွားရေး လုပ်ငန်း အတိုင် ပင်ခံ ပညာရှင် ၊ နာမည်ကြီး ဓာတ်ပုံ ဆရာ ၊ နာမည်ကြီး ဒီဇိုင်နာ ၊ ဆံပင် ၊ မိတ်ကပ် ပညာရှင် ၊ ကျွမ်းကျင် အင်ဂျင်နီယာ ၊ တရားသူကြီး ၊ ရှေ့နေ ၊ သုတေသန ပညာရှင် ၊ ကွန်ပျုတာ ပညာရှင် ၊ ဗေဒင် လက္ခဏာ ပညာရှင် စသည့် အသိပညာရှင် ၊ အတတ်ပညာရှင် ၊ နည်းပညာရှင် တိုင်း ၊ ၀န်ဆောင်မှု လုပ်ငန်းတိုင်း ၊ လူလက်ခံ ယုံကြည်နေကြသည့် စားရေး ၊ ၀တ်ရေး ၊ သာရေး ၊ နာရေး ၊ ကျန်းမာရေး ၊ အလှအပ နှင့် လူမှုရေး လုပ်ငန်းများစွာတိုင်း ၊ အောင်မြင်သည့် စီးပွားရေး လုပ်ငန်း ရှင်တိုင်း က အစ ပြီးပြည့်စုံ အောင်မြင် စိတ်ချမ်းသာ ဖွယ် မိသားစုတိုင်း ၊ အိမ်ထောင်ရှင်တိုင်း ပါ မကျန် .... ယနေ့အချိန် ကျွန်မ တို့ လက်ခံ ယုံကြည်နေရသည့် နေရာ တစ်နေရာ ၊ ကျွန်မ တို့ အထင်ကြီး အားကျနေရသည့် နေရာ တစ်နေရာ ၊ ဘ၀ တစ်ခုဆီ သို့ ရောက်သည် အထိ စိတ်ရှည် သီးခံမှု အပြည့်ဖြင့် နှစ်ပေါင်း များစွာ ကြိုးစားခဲ့ရသလို ၊ ဘ၀ပေါင်း များစွာ ၊ စိတ်ပင်ပန်းခြင်း များစွာ ၊ လောကဓံ ၏ ဒဏ်ရာ ဒဏ်ချက် များစွာ ၊ ရင်းနှီးပေးဆပ်ခဲ့ရသည့် အချိန်ပေါင်းများစွာ နှင့် တတ်မြောက် ၊ ကျွမ်းကျင် ၊ အောင်မြင်သူ ဖြစ်သည့် အထိ လေ့ကျင့်ခဲ့ရသည့် အမှားပေါင်း များစွာ ကို ကြုံဆုံ ကျင်လည် ဖြတ်သန်းခဲ့ကြပြီး မှ .... သူတို့ အနှစ်နှစ် အလလ ကြိုးစားခဲ့ရသည့် ကြိုးစားမှု နှင့် ထိုက်တန် သည့် နေရာလေး တစ်နေရာ / ဘ၀လေး တစ်ခု ကို ရရှိကြခြင်းသာ ဖြစ်ပါတယ် .....
ထိုမှ မကသေး ...... အောင်မြင်နေသည့် စားသောက်ဆိုင် ၊ အလှပြင်ဆိုင် ၊ လက်ဝတ်ရတနာဆိုင် ၊ အထည်ဆိုင် ၊ အလှပြင် ဆိုင် ၊ ကုန်ခြောက်ဆိုင် ၊ စတိုးဆိုင် ၊ အသိပညာ ၊ အတတ်ပညာ သင်တန်း အမျိုးမျိုး စသဖြင့် .... ကျွန်မ တို့ အားကျ အောင်မြင်နေ ကြ သည့် ဆိုင် အသီးသီး ၊ လုပ်ငန်း အသီးသီး အောင်မြင်နေကြသည် မှာ လည်း ...... ပစ္စည်း စုံလင်မှုလား ၊ လက်ရာ Quality က အားသာနေသလား ၊ ဆက်ဆံရေး မှာ အားသာနေသလား ၊ Decoration မှာ ခမ်းနားနေသလား ၊ အရသာ မှာ ထူးခြားနေသလား ၊ ဆိတ်ငြိမ် အေးချမ်းမှုမှာ ဆွဲဆောင်မှု ရှိနေသလား ၊ ကျွမ်းကျင်မှု နှင့် နည်းပညာ အရာမှာ ပိုပြီး တိုးတက် ကောင်းမွန်နေသလား ၊ အာမခံတာမှာ သူများထက် သာနေသလား ..... စသည့် Professional အားသာချက် များ အနက် မှ Customer ဘက် က အမြင်က တော့ ဆိုင်ချင်း ယှဉ် ရင် ၊ ဆိုင် အပြင်အဆင် သာတဲ့ ဆိုင်ကို သွားမယ်… အပြင်အဆင်ချင်း တူ ရင်… ကျွမ်းကျင်မှု သာတဲ့ ဆိုင်ကို သွားမယ်… ကျွမ်းကျင်မှုချင်း တူရင် … ဆက်ဆံရေး ပိုသာတဲ့ ဆိုင်ကိုသွားမယ် ၊ ဆက်ဆံရေးချင်း တူရင် အာမခံပေးတာ သာတဲ့ ဆိုင် ကို ဘဲ သွားကြမယ် .... ဆိုတာ .... ပိုက်ဆံပေး လုပ်ရ တဲ့….. Customer တိုင်းရဲ့ တူညီတဲ့ စိတ်ဘဲဖြစ်ပါတယ် .... တစ်ချို့သော နေရာတွေ မှာ ချို့ယွင်းချက်တွေ ရှိပါလျှက် နှင့် လူတွေ သွားနေကြတယ် ဆိုရင် ..... တစ်ခုခုသော ၀န်ဆောင်မှု မှာ အားသာနေတာ ဖြစ်လျှင် သော် လည်းကောင်း ၊ ဆိုင်အပြိုင် မရှိသေး လျှင် သော်လည်းကောင်း ဖြစ်နိုင်ပေမယ့် .... သူ့ထက် ငါ ဆိုင် အပြိုင်အဆိုင်တွေ များလာတဲ့ အခါ မှာတော့ Professional ဖြစ်အောင် လုပ်မထားခဲ့တဲ့ အလုပ်တစ်ခု ရေရှည်မှာ တည်မြဲနိုင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ် .....
ကျွန်မ Management သင်တန်း တစ်ခု မှာ ဆရာကြီး တစ်ယောက် ပြောဖူးခဲ့တဲ့ ကျွန်မ နားထဲ စွဲနေတဲ့ စကားလေး တစ်ခု ရှိပါတယ် .... "ဘာ အလုပ်ဘဲ လုပ်လုပ် ၊ မလုပ်ရင် မလုပ်နဲ့တဲ့ .... လုပ်မယ်ဆို .... PRO ဖြစ်အောင် လုပ်ပါတဲ့ .... ဘယ်သော အခါမှာ မှ Discount ချလို့သူ့ ထက် ငါ ဈေးပြိုင်လိုက် မတိုက်ဘဲ .... သူ့ထက် Quality မှာ သာအောင် ... Service မှာ သာအောင် .... အမြဲတမ်း ကြိုးစား လုပ်ပါတဲ့ '' ..... ကျွန်မ အမြဲတမ်း အမှတ်ရနေ သလို .... ရင်ထဲမှာ ကျေးဇူး အမြဲတင်နေခဲ့တဲ့ စကားလေး တစ်ခွန်းဘဲ ဖြစ်ပါတယ် ...... ကျွန်မ နားမလည်ခင် အချိန်များ က သူများတွေ Wedding Studio ဖွင့်လို့ အားကျစိတ် နဲ့ အလုပ်တစ်ခု ကို ကိုယ် ကျွမ်းကျင်တာ ၊ မကျွမ်းကျင်တာ နားမလည် ၊ ကိုယ် ရေရှည် လုပ်နိုင် ၊ မလုပ်နိုင် မတွေးတောဘဲ သူများအောင်မြင်တိုင်း ကိုယ် အောင်မြင်မယ် ... အထင် နဲ့ လုပ်ခဲ့ဖူးပါတယ် ...... စဖွင့်တဲ့ အချိန်မှာ ကိုယ် နားမလည်ဘဲ သူများ အားကိုး နဲ့ လုပ်မိသလို ၊ ကိုယ် မတတ်ဘဲ ဖွင့်ခဲ့မိသည့် အတွက် ၀န်ထမ်း ထိန်းရတာ မလွယ်ကူတာ ကို သိလိုက်ရသဖြင့် .... ကိုယ့် လိုင်း မဟုတ် သလို ကိုယ်တိုင် ဦးစီးမှသာ ဖြစ်နိုင်တဲ့ ... ဓာတ်ပုံ ရိုက်တဲ့ အလုပ် ကို ထပ်လေ့လာရ ၊ တခါ Photo Shop ကို ဆရာ ခေါ်သင်ရ နှင့် .... ကိုယ် ဖွင့်ပြီး ကိုယ် မတတ်ဘဲ လူ ထိန်းရတာ ဘယ်လိုမှ မလွယ်မှန်း သိလိုက်ရတဲ့ အတွက် ... .ကျွန်မ ရဲ့ မူလ အလုပ် ကို ပစ်ပြီး ဆိုင် နှစ်ဆိုင် ပြေးထိုင်ရ .... တခါ သင်မိသည့် Photo Shop ကို ကျွမ်းကျင်အောင် .... လူပေါင်းများစွာ ကို အခမဲ့ ခေါ်ရိုက် ၊ မိတ်ကပ်တွေ ခေါ်ပြင်ပေး ၊ ရိုက်ထားတဲ့ ပုံတွေ ကို တစ်ယောက်ထဲ မနားမနေ ထိုင်ပြင် နဲ့ ..... နောက်ဆုံး ဘယ်လောက် အထိ အလုပ် ကို ရူးရူးသွပ်သွပ် လေ့လာခဲ့ရသလဲ ... ဆိုတာ ကျွန်မ ဓာတ်ပုံ စပြင်တတ် က ထဲ က .... ကျွန်မ မူလ အလုပ်ဖြစ်သည့် အားကစား သင်တန်း နှင့် အဆီချ အလုပ် မှာ လူ တစ်ယောက် ကို မြင်လိုက်သည် နှင့် သူ့ ခန္ဓာ ကိုယ် ဆို ဘယ်နေရာမှာ လိုအပ်တယ် ၊ မလိုအပ်ဘူး ၊ အသားအရည် ကြည့်လိုက်တာ နှင့် ခက်တယ် ၊ မခက်ဘူး ကို က အစ တန်းခနဲ ပြောနိုင်သည့် အနေအထားမျိုး ဖြစ်အောင် လူတစ်ယောက် ၏ မျက်နှာ ကို မြင်လိုက်သည် နှင့် ... သဘာဝ အလင်းရောင်အောက် မှာတောင် ... Lighting က ဘယ် က ... ပေးထားသလဲ ... သူ့ မျက်နှာ မှာ ဘယ်နား ကို ပြင်ပေး ရမလဲ ... ဘယ်နားကို တော့ဖြင့် ဘာ Tool နဲ့ ချောပေးရမလဲ က အစ ..... မြင်မြင်သမျှ မျက်နှာတိုင်း ကျွန်မ စိတ်ထဲမှာ Photo Shop ကျင့်နေရသည့် မျက်နှာတွေ ချည်းသာ .... ဖြစ်ခဲ့ပါတယ် ....
ကျွန်မ ဘယ်လောက် လေ့ကျင့်ကျင့် .... ကိုယ် တကယ် ၀ါသနာ ပါခဲ့သည့် အလုပ် မဟုတ်ဘဲ သူများ လုပ်လို့ လိုက် လုပ် ဖြစ်ခဲ့တာ က တစ်ကြောင်း ၊ ကိုယ်တိုင် မကျွမ်းကျင် ၊ ကိုယ့် စိတ် ကို ဝေခွဲမရနိုင်ဘဲ .... ဖြစ်နိုင်မယ် အထင်နဲ့ ရမ်းသမ်း လုပ်ခဲ့တဲ့ အလုပ် ဖြစ်တဲ့ အတွက် ..... Professional Quality , Professional Service , ကိုယ့် ဆီလာ အလုပ် လုပ်မယ့် အဲဒီ အလုပ် လောက က ၀န်ထမ်း ကို Professional Management ဖြင့် မအုပ်ချုပ်နိုင်ခဲ့သလို .... ကျွန်မ ထင်ခဲ့ သလို .... ငယ်စဉ် ကထဲ က စိတ်ဝင် တစား လေ့ကျင့်ခဲ့၍ မြင်မြင်သမျှ မျက်နှာ ကို မိတ်ကပ် ကောင်းကောင်း လိမ်းပေးတတ်တိုင်း ....၊ ဆံထုံးထုံးတာ ကို Short Course အဖြစ်သာ သင်ထားသဖြင့် ... သူသူ ကိုယ်ကိုယ် အလှ ဖန်တီးရှင်တွေလို ဆံပင် မကျွမ်းကျင်တဲ့ အခါ သတို့သမီး လာလာ ၊ ဘွဲ့ယူမယ့် လူလာလာ ၊ ဆံထုံး ထုံးတိုင်း .... မဖြစ်မနေ ကြိုးစား ပမ်းစား အချိန်ယူ ထုံးဖွဲ့ခဲ့ ရသော်လည်း ... ချောချော မောမော မပြီးမချင်း .... ဇောချွေး ပြန် စွာ နှင့် စိတ်ပင်ပန်းစွာ လုပ်ခဲ့ရသည်ချည်းသာ .... ကျွမ်းကျင်အောင် ဖြစ်အောင် တစိုက်မတ်မတ် လေ့ကျင့်ရင် ရနိုင်တယ်မှန်း သိပေမယ့် ..... မဆက်စပ်သည့် အလုပ် နှစ်ခု ကို တပြိုင်ထဲ ဦးစီးမိသည့် ကျွန်မ အခက်အခဲ များစွာ နှင့် နောက်ဆုံး ကျွန်မ ရဲ့ မူလ ပင်မ အလုပ် ကိုပါ .... ထိခိုက်ပြီး နှစ်ဘက်စလုံး လက်လွတ်ရမလို ဖြစ် လာတာကြောင့် နောက်ဆုံး ... အချိန်တွေ များစွာ ၊ ငွေကြေး ဥစ္စာတွေ များစွာ ရင်းနှီးပေးဆပ် ခဲ့ပြီး မှ ကိုယ် တကယ် ၀ါသနာ မပါလျှင် ၊ မကျွမ်းကျင်လျှင် ၊ ရေရှည် မလုပ်နိုင်လျှင် ... မစမိပါစေနှင့် .... ဆိုတဲ့ အလုပ် အသစ် က ပေးလိုက်တဲ့ ဘ၀ သင်ခန်းစာ အကြီးကြီး ရလိုက်ပါတယ် .....
ကိုယ့် လိုင်း မဟုတ်တဲ့ အလုပ် ကို စပ်စပ်ဆော့ဆော့ နှင့် လုပ်မိပြီး မအောင်မြင်လို့ ပိတ်လိုက်ရမှာ ကို ရှက်လှသည့် အတွက် .... ပေတေ တောင့်ခံနေပေမယ့် .... နောက်ဆုံး မှာ .... ဒီ အလုပ် နှင့် ကိုယ် လုံးဝ မအပ်စပ် ၊ ဒီ အလုပ် ကို ဘယ်တော့ မှ Professional ဖြစ်အောင် မလုပ်ပြနိုင် ၊ Professional ဖြစ်အောင် မလုပ်ပြနိုင်သည့် အတွက် ကိုယ့် ဆီလာတဲ့ Customer များ ၏ Professional ယုံကြည်မှု ဘယ်သောအခါ မှ မရနိုင် ဆိုတာ ကို မဖြစ်မနေ နားလည် လက်ခံလိုက်ရသည့် အဆုံး ... အရှုံးထဲ က နေ ရလိုက်တဲ့ ... အတွေ့အကြုံ ကို သာ အမြတ် လို့ ယူဆရင်း .... ပစ်ထားခဲ့တဲ့ အတွက် ကျစ ပြုနေတဲ့ ကျွန်မ ရဲ့ ပင်မ ရင်းမြစ် အလုပ် ကို .... ပြန်လည်ပြီး ဇောက်ချလေ့လာ ခဲ့ရသလို .... ကျွန်မ အမှား တွေ ကို လည်း ကြိုးစား ပြုပြင်ခဲ့ရင်း ... ကျွန်မ ဆီ က ၀န်ထမ်း အသီးသီး ကို လည်း စနစ်တကျ ပြန်လည် တွဲခေါ် လုပ်ကိုင်ခဲ့ပြီး ကျွန်မ ဆိုင် ကို နဂိုထက် ပိုကောင်းလာအောင် ၊ ပိုခေတ်မှီလာအောင် ပုံမှန်ထက် ပိုပင်ပန်းစွာ နှစ်ဆ ပြန်ပြီး ကြိုးစား လုပ်ခဲ့ရသလို ..... အသစ် အသစ် သော တိုးတက်နေသည့် နည်းပညာသစ် များစွာ ကို ထပ်ပြီး စနစ်တကျ ပြန်လေ့လာ ၊ ခန္ဓာကိုယ် အမျိုးမျိုး ကို က အစ ..... Record တွေ ပြန်ယူ .... တိုးချဲ့ထားသည့် စက်အသစ် များနှင့် ၀န်ဆောင်မှု အသစ်များ ကို က အစ In Touch ဖြစ်နေအောင် ..... စက် တစ်ခုချင်း ၏ အားသာချက် ၊ အားနည်းချက် ၊ အကျိုး အပြစ် စသည်များ နှင့် ... ထို စက် အသစ်များ ဖြင့် ဆောင်ရွက်လို၍ လာသည့် Customer များ ကို တိကျသော အာမခံ နှင့် အန္တရာယ် ကင်းကင်း နည်း စနစ်တကျ ဆောင်ရွက်နိုင်စေဖို့ ... အထိ မနားမနေ အားသွန် ခွန်စိုက် လေ့လာ လုပ်ဆောင်ခဲ့ရပါတယ် .....
ထို့ပြင် မျက်နှာ ၀န်ဆောင်မှုသစ် တွေ ကျွန်မ ဆိုင် မှာ ထပ်ထည့်ဖို့ရန် အတွက် လည်း .... ကျွန်မ ရေရှည် လုပ်နိုင်မလား ... ကျွန်မ လိုချင် မျှော်လင့်မိတဲ့ ဈေးကွက် တစ်ခု ၏ ကျွန်မ အပေါ် ယုံကြည်မှု ရနိုင် ၊ မရနိုင် က အစ .... ကျွန်မ ဆီလာသမျှ မျက်နှာ အဆီချ လုပ်ချင်သူတိုင်း ၊ မျက်နှာ တင်းရင်းချင်သူတိုင်း ၊ ၀က်ခြံ ၊ တင်းတိတ် ၊ နေလောင်ကွက် ပျောက်ကင်းလိုသူတိုင်း ကို က အစ ... ကျွန်မ အမှန်တကယ် တာဝန်ယူနိုင် / မယူနိုင် ဆိုတာတွေ ..... ကို လေ့လာရသလို .... အလှပြင်ဆိုင်တွေ မှာ အလုပ်နည်းကြတဲ့ အလုပ်တွေ ဆိုပေမယ့် ... လက်ရှိမှာ ..... ထိုသို့သော သူတွေ ကို တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ .... ဆိုင်တွေ နဲ့ သူတို့ အသုံးပြုသည့် နည်းပညာ များ ၏ အားသာချက် / အားနည်းချက် ... လူတွေ ရဲ့ လက်ခံ ယုံကြည်မှု .... သူတို့ လုပ်ကိုင်ဆောင်ရွက်ပေးသည့် ၀န်ဆောင်မှု အပေါ် အာမခံပေးနိုင်သည့် ပျောက်ကင်းနိုင်မည့် အချိန် ကာလ ...၊ ကုန်ကျ မည့် ငွေကြေး တန်ဖိုး ၊ ပြုပြင်ထားသည့် Result ကြာရှည်ခံနိုင် ၊ မခံနိုင် .... ကို က အစ .... မအိပ်နိုင်၊ မစားနိုင်စွာ ဖြင့် ..... ဒီ တစ်ခါ ထပ်လုပ်မိ သည့် အလုပ် ဘယ်လိုနည်း နှင့် အမျှ မအောင်မြင်လို့ မရ ၊ အကယ်၍ ရှုံးနိမ့်ခဲ့သော် ... ငွေကြေး ဥစ္စာ သာ ဆုံးရှုံး ရုံမျှမက ... ကိုယ့် လိုင်း မဟုတ်သည့် အလုပ် ကို အမှတ်မရှိစွာ ထပ် လုပ်မိသည့် အတွက် .... ကျွန်မ ၏ ဂုဏ်သိက္ခာ နှင့် တကွ လူတွေ လက်ခံ ယုံကြည်နေသည့် ကျွန်မ ၏ မူလ ပင်မ အလုပ် ဖြစ်သည့် GINGER Beauty Land တစ်ဆိုင်လုံး ၏ ဂုဏ် သိက္ခာ ပါ မြောင်း ထဲ ရောက်ရပြီ .... ဆိုပြီး .... ကိုယ့် ကိုယ် ကိုယ် အကြိမ်ကြိမ် ဝေခွဲ ၊ သုံးသပ် ၊ ဆုံးမ ပြီး မှ သာ .... ကျွန်မ နောက်ထပ် တိုးချဲ့ လုပ်ကိုင် ဆောင်ရွက် ဖြစ်သည့် ထို အလုပ် ကို သေသေချာချာ အချိန်ယူ လေ့လာခဲ့ပြီး လာသည့် Customer တွေ လက်ခံ ယုံကြည်မှု ရှိအောင် ကျွမ်းကျင်စွာ တာဝန် ယူဆောင်ရွက်နိုင်မည် ဟု .... ယုံကြည် လာပါမှ .... ခေါင်းကြောမာမာ နှင့် .... အမျိုးသမီးများ ၏ မျက်နှာ အလှအပ နှင့် ပတ်သက်သည့် Treatment ၀န်ဆောင်မှုတွေ ..... ကို Customer များ လက်ခံ ယုံကြည်စွာ တာဝန် ယူဆောင်ရွက်ပေးနေနိုင်သည့် ယနေ့ GINGER Beauty Land အနေအထား သို့ ရောက်အောင် ကြိုးစားဆောင်ရွက်ခဲ့ခြင်း ဘဲ ဖြစ်သလို ..... GINGER နည်းပညာ များ ဖြင့် အမြို့မြို့ အနယ်နယ် မှာ ဆိုင် ပြန်ဖွင့်လိုသူများ အတွက်ပါ ထိုက်တန်သည့် သင်တန်းကြေး တစ်ခု နှင့် တာဝန်ယူ ၍ သင်ကြားပေးလျှက် ရှိနေပြီး .... ကျွန်မ မှားခဲ့ ၊ လွဲခဲ့သလို မဖြစ်စေချင်တဲ့ အတွက် သင်တန်းကြေး ရတိုင်း လည်း မသင်ပေးဘဲ .... သူတို့ သုံးမည့် အရင်းအနှီး ၊ သူတို့ ထားချင်သည့် ပစ္စည်း ကိရိယာ ၊ သူတို့ ဖွင့်မည့် မြို့ ၏ ဈေးကွက် အနေအထား နှင့် မြို့ခံလူများစွာ ၏ စီးပွားရေး .... စတာတွေ ကို က အစ ..... သင့်၏ ၊ မသင့်၏ ၊ ချင့်ချိန် တွက်ချက်ပေးပြီး ..... ကိုယ်တိုင် ဦးစီး လုပ်ကိုင်နိုင် မှ ဖွင့်ဖို့ ကိုသာ .... အကြံပေးရင်း .... ဘုရင့်နောင် ဖောင်ဖျက်သည့် စိတ်ဓာတ် နှင့် ကျွန်မ အလုပ် များစွာ ကို လာသည့် လူ အမျိုးမျိုး ၏ လက်ခံ ယုံကြည်မှု ရအောင် ဆက်လက် လုပ်ကိုင် ဆောင်ရွက်နေခြင်း ဘဲ ဖြစ်ပါတယ် .....
အလုပ် လုပ်ရင်း နှင့် တစ်ခု ပြီး တစ်ခု ရလာသည့် အလုပ်က သင်ပေးခဲ့သည့် ပညာများ က ဘယ် အလုပ် ကို မဆို ၊ လွယ်လွယ်လေး ဆိုတာ .... မရှိကြောင်း နှင့် .... လူ အများစု ပြောကြသလို ... ကျွန်မ တို့ အဆီချ အလုပ်ဆိုတာ ..... အပေါ်ယံလေး ကြည့်ရတာ လွယ်ပါတယ် .... အတိအကျ အာမခံ နှင့် တာဝန်ယူပေးနိုင်ဖို့ က ခက်ပါတယ် .... ကျအောင် လုပ်ရတာ လွယ်ပါတယ်.... အန္တရာယ် ကင်းဖို့ .... သတိကြီးစွာ နှင့် လုပ်ရတာ က ခက်ပါတယ် ..... မျက်နှာ တစ်ပြင်လုံး တင်းတင်းရင်းရင်း ရှိအောင် လုပ်ပေးရတာ လွယ်ပါတယ် .... အသားအရည်တိုင်း ကို အမှားကင်းအောင် လုပ်နိုင်ဖို့ ... ခက်ပြန်ပါတယ် ..... ၀က်ခြံ ၊ တင်းတိတ် ကုပေးရတာ .... လွယ်ပါတယ် ..... လာသမျှ လူတိုင်း ကို ပျောက်ကင်းနိုင်မည့် .... အချိန် အတိအကျ အာမခံပေးရတာ ခက်ခဲသလို ..... ကိုယ် ယူထားတဲ့ အခကြေးငွေ နှင့် ကိုက်ညီ သည့် လာသမျှ Customer တိုင်း ၏ စိတ်ကျေနပ်မှု ရစေမည့် ၀န်ဆောင်မှု ဖြစ်အောင် .... ဆောင်ရွက်ပေး ရတာက လည်း ခက်ပါတယ် .... ထို့ အတွက် အသိပညာ ၊ အတတ်ပညာ ၊ လူမှုရေး ၊ စီးပွားရေး လုပ်ငန်းခွင် နယ်ပယ် အသီးသီး မှာ အောင်မြင်နေကြသည့် ကျွန်မ အထင်ကြီး လေးစား အားကျ မိပါသော .... Professional များ ၏ အောင်မြင်သည့် ဘ၀ ရပ်တည်မှု နှင့် လူနေမှု ဘ၀ ၊ လာသည့် Customer များစွာ ၏ လက်ခံ ယုံကြည်မှု ၊ Professional တစ်ယောက် ဖြစ်ဖို့ အခက်အခဲများစွာ ကို နှစ် ကာလ များစွာ စိတ်ဓာတ် ခိုင်ခိုင်မာမာ နှင့် သတ္တိ ရှိရှိ ကြိုးစား လေ့လာ ရင်ဆိုင်ဖြေရှင်းခဲ့ပုံများ ကို လေးစား ဂုဏ်ယူ ၊ အတုယူ အားကျမိ စွာဖြင့် ...... ကျွန်မ လည်း နောင်တစ်ချိန်မှာ .... ကျွန်မ ဆိုင် လာသည့် Customer များ အတွက် .... နည်းပညာ မှာ Professional ဖြစ်အောင် .... အတွေ့အကြုံ နှင့် လုပ်ငန်း ကျွမ်းကျင်မှု မှာ ..... Professional ဖြစ်အောင် ... လာသည့် Customer များစွာ ၏ ယုံကြည်မှုမှာ Professional ဖြစ်အောင် .... ကြိုးစားလို့သာ ...ဆောင်ရွက်လျှက် ရှိနေသလို ......
အလှအပ အလုပ် ဆိုတာ တစ်ခု နှင့် တစ်ခု ဆက်စပ်နေတာဘဲ .... ကျွန်မ '' ဒီလောက် အလှအပ ၀ါသနာ ပါတယ် ဆိုရင် Beauty Saloon နဲ့ သေသေချာချာ တွဲဖွင့်ပါလား '' .... လို့ အကြံပေးတတ်ကြတဲ့ လက်ရှိ ကျွန်မ အလုပ် ကို လက်ခံ ယုံကြည်စွာ လာရောက် ဆောင်ရွက်နေတဲ့ Customer များစွာ နှင့် မိတ်ဆွေ ၊ သူငယ်ချင်း များစွာ ကို လည်း .... အလှအပ အလုပ်ချင်း ဆက်စပ်နေပေမယ့် ကိုယ် နဲ့ တခါဖူး မှ အကျွမ်းတ၀င် မရှိခဲ့သည့် Beauty Saloon အလုပ် တစ်ခု ကို အောင်အောင်မြင်မြင် ...ဦးစီး လုပ်ကိုင်နိုင်ဖို့  ဆိုတာ ..... လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် အချိန်အခါများစွာ ၊ အသက်အရွယ် တစ်ခုတုန်း က မိတ်ကပ် လိမ်းတာ ၀ါသနာ ပါတဲ့ အတွက် မိတ်ကပ် လိမ်းတာ လေ့ကျင့်စဉ် ...... မျက်ခုံးမွေး မရိတ်တတ်သဖြင့် ..... ကျွန်မ မျက်နှာ နှင့် တကွ ခင်မင်ရင်းနှီး သည့် လူပေါင်း များစွာ ၏ မျက်ခုံးမွှေးပေါင်းများစွာ ကို တစ်ဘက် နိမ့်ရင် ၊ တစ်ဘက် က မြင့် ၊ တစ်ဘက် ပါးရင် ၊ တစ်ဘက် က ထူ နှင့် အကြိမ်ပေါင်း များစွာ လေ့ကျင့် ဖျက်ဆီးခဲ့ပြီး မှ ..... သေသပ် လှပ သည့် မျက်ခုံးမွှေး တစ်စုံ ကို ကျွမ်းကျွမ်း ကျင်ကျင် ပုံသွင်းပေးနိုင်ခဲ့တာ ကို သတိတရ ထည့်သွင့်းပြောပြရင်း ဖြင့် ..... အမှန်တကယ် ကျွမ်းကျင်သည့် Professional ဆံပင်သမား တစ်ယောက် ဖြစ်စေဖို့ .....ဆံပင်ပေါင်းများစွာ ကို ညှပ်ရင်း ၊ ကောက် / ဖြောင့် / ဆေးဆိုး ရင်း ဆံပင်ပေါင်း များစွာ ဆုံးရှုံး ဖျက်ဆီး ပြီး မှ ဖြစ်လာနိုင်မယ့် .... Professional Hair Stylist ဘ၀ သို့ ခြေလှန်း မလှန်းတော့ခြင်းသာ .... ဖြစ်ပါတယ် ဆိုတဲ့ အကြောင်း ပြောကြားရင်းဖြင့် .....
မိမိ ၀ါသနာပါစွာ လုပ်ကိုင်ကြသည့် အလုပ်တိုင်း မှာ အောင်မြင်စွာ နှင့် Professional ဖြစ်ချင်ကြသူတိုင်း ကိုယ် လုပ်ကိုင် ဆောင်ရွက်နေ သည့် အလုပ်တိုင်း ကို များများ လေ့လာ ၊ များများ ဖျက်ဆီး ၊ များများ ဆုံးရှုံး ၊ အသစ် အသစ် များများ လေ့လာ လို့ ၊ များများ ပေးဆပ်ရင်းဖြင့် ....... ကျွမ်းကျင်မှု မှာ Professional ၊ နည်းပညာ အရာ မှာ Professional ၊ သီးခြား ခွဲထွက် တတ်မှု မှာ Professional ၊ ဆန်းသစ် တီတွင်တတ်မှု မှာ Professional ၊ လာသည့် လူတိုင်း ၏ လက်ခံ ယုံကြည်မှု မှာ Professional .... နှင့် ထို အချက်အလက်များ .... အားလုံး ပြည့်စုံနေပါက ...... စေတနာ နှင့် ၀န်ဆောင်မှု အရာ မှာပါ ..... Professional .... ဖြစ်စေပြီး ........ မိမိ ကျင်လည် လုပ်ကိုင်နေသည့် လုပ်ငန်းခွင် အမျိုးအစားတိုင်း မှာ ..... ထိပ်ဆုံး က နေ ထူးချွန်စွာ နှင့် အောင်မြင်သည့် .... Professional မောင်လေး ၊ ညီမလေးများ ဖြစ်နိုင်ကြပါစေ ..... လို့ ဆန္ဒပြုလျှက် .......
( ကျွန်မ လည်း Professional တစ်ယောက် ဖြစ်အောင် ကြိုးစားနေပါတယ် ..... ဆိုတဲ့ အကြောင်း .............. )
ငယ်စဉ် ကလေး ဘ၀ မိတ်ကပ် အလိမ်း ကျင့်စဉ် က မျက်ခုံးမွေး မရိတ်တတ်သဖြင့်
..... ကျွန်မ မျက်နှာ နှင့် တကွ ခင်မင်ရင်းနှီး သည့် လူပေါင်းများစွာ ၏
မျက်ခုံးမွှေးပေါင်းများစွာ ကို တစ်ဘက် နိမ့်ရင် ၊ တစ်ဘက် က မြင့် ၊ တစ်ဘက်
ပါးရင် ၊ တစ်ဘက်က ထူ နှင့် အကြိမ်ပေါင်းများစွာ လေ့ကျင့် ဖျက်ဆီးခဲ့ပြီး
မှ ..... သေသပ် လှပ သည့် မျက်ခုံးမွှေး တစ်စုံ ကို ကျွမ်းကျွမ်း ကျင်ကျင်
ပုံသွင်းပေးနိုင်ခဲ့တာ ကို သတိတရ ထည့်သွင့်းပြောပြရင်းဖြင့် .....
Top Secret ( ထိပ်တန်း လျှို့ဝှက်ချက် )
ရင်းနှီးတဲ့သူ တချို့တလေက ...... '' ကျွန်မ ကို နင် အရမ်း ကံကောင်းတာဘဲ ၊ ဒီ အလုပ် နဲ့ အကျိုးပေးလိုက်တာ '' ... တဲ့
ကလေးတုန်း က အလွန်တရာ မှ စပ်စပ်ဆော့ဆော့ နိုင်တဲ့ ကျွန်မ နဲ့ တရင်းတနှီး ပေါင်းခဲ့ဖူးတဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေ အမှတ်တမဲ့ ပြန်တွေ့ကြရင် ....
'' နင် တစ်သက်လုံး ပေါက်တတ်ကရ ၊ တလွဲပေါင်းစုံ လုပ်လာတာ ၊ နင့် အလုပ် နဲ့ နင် ကတော့ ဟုတ်နေတာဘဲ '' ..... တဲ့
အဲဒီလို ပြောလာတဲ့ သူတိုင်း ရဲ့ စကား ကို ခံရခက်ပေမယ့် ဘာမှ ပြန်ပြီး ရှင်းပြချင်စိတ် မရှိတဲ့ အတွက် ပြုံးသာပြ လိုက်ရပါတယ် .....
အားမနာ ပါးမနာ မေးတတ်သူ တချို့ကျတော့ .... '' နင့် ဆိုင် မှာ လုပ်တဲ့နည်း စနစ် တွေ ဘယ်ကရသလဲ '' တဲ့ .....
ငယ်ငယ်တုန်း က အားကစား သင်တန်း တစ်ခု မှာ အခိုက်အတန့် သွား ကစားဖူးခဲ့သည် မှ လွဲ၍ .... ဘယ် အဆီချ တဲ့ ဆိုင် မှာ မှ အဆီမချခဲ့ဘူး .... သလို ဆံပင်ညှပ် ၊ ကောက် ၊ ဖြောင့် ၊ ဆေးဆိုး ၊ ခေါင်းလျှော် မှ လွဲ၍ ဘယ် Beauty Spa မှ မသွားဖူးပါဘူး ....လို့ ကျွန်မ ပြန်ဖြေလိုက်ရင် .......
ကျွန်မ Notes ဖတ်မိတဲ့သူများ အလွန်တရာ မှ ထူးဆန်း အံ့သြ သွားပါမည်လား .... ကျွန်မ ဒီ အပိုဒ်လေး ထည့်ရေးဖြစ်တဲ့ အဓိက အချက် က စိတ်ဝင်တစား အာရုံစူးစိုက်စွာ နဲ့ တစိုက်မတ်မတ် လေ့လာမယ် ဆိုရင် .... ဘယ် အလုပ် မဆို ခက်တယ် .... လို့ မရှိပါဘူး ..... ဆိုတာပါ ....
ကျွန်မ လက်ရှိ လုပ်ကိုင် စားသောက်နေတဲ့ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေ အနက် တကယ်တမ်း နည်း စနစ်တကျ ဆရာမ နှင့် သင်ဖူးတာ ဆိုလို့ .... မိတ်ကပ် လိမ်းတာ ကို စိတ်ဝင်စားတဲ့ အတွက် အလိမ်းခံရင်း အမြင် နဲ့ လိမ်းတတ်တာသာ ဖြစ်သလို ဆံထုံး မထုံးတတ်သဖြင့် အဖြစ်လောက် ထုံးနိုင်ဖို့ ကို အလုပ် တစ်ဘက် နှင့် ကျွန်မ သူများတွေ လို ဆံထုံး ၊ မိတ်ကပ် သင်တန်းတွေ မှာ တကူးတက ရက်ရှည် အချိန်ပေးပြီး လိုက်မတက်နိုင်သဖြင့် ကိုယ့် အိမ်မှာဘဲ မာမီကြိုင် ( မိတ်ကပ် အကြိုင် ) ကို အကူအညီတောင်းပြီး သူအားတဲ့ ( ၅ ) ရက် မျှ အားချင်းသင် လို့ ...... အမြင် နှင့် သာ သင်ဖူးခဲ့ပြီး ...ကိုယ့် ဟာ ကိုယ် ဆက်လက် လေ့ကျင့်ခဲ့ရသလို ၊ မျက်နှာ နှိပ်တဲ့ ပွိုင့်တွေ နည်း စနစ်တကျ သိချင်တဲ့ အတွက် .... Beauty Saloon လောက မှာ နှစ်ပေါင်းများစွာ ကျင်လည်နေတဲ့ ကျွန်မ သူငယ်ချင်း ၏ အမေဆီမှာ .... လည်း ထုံးစံ အတိုင်း ( ၃ ) ရက် ကြီးများတောင် အချိန်ပေး၍ Facial Massage သီးသန့်သာ သွားသင်ဖူးခဲ့တာသာ ရှိပြီး ကိုယ့် ခံယူချက် နဲ့ ကိုယ် ကျွန်မ အမှန်တကယ် လိုချင်ခဲ့သည့် Quality Result မဖြစ်မချင်း ရူးသွပ်စွာ နှင့် တစ်ချိန်လုံး ထို အလုပ်များ ထဲ သာ စိတ်ထည့် လို့ မနားမနေ လေ့ကျင့်ခဲ့ရတာသာ ဖြစ်ပါတယ် ....
အားကစား သင်တန်း ဖွင့်ရင်း ... ကိုယ့် ဆီ လာကစား တဲ့ သူတွေ ရဲ့ ခန္ဓာကိုယ် သဘောတရား ၊ ပိန်ဆေး အမျိုးမျိုး ၏ အကျိုး အပြစ် စသည်များ ကို က အစ စိတ်ဝင်စားစွာ လေ့လာခဲ့သူမို့ .... အဆီချ လုပ်ငန်း ကို လက်တွေ့ လုပ်ဆောင်ချက် အမျိုးမျိုးဖြင့် ခန္ဓာကိုယ် ပေါင်းများစွာ ကို Record ယူ၍ ကြိမ်ဖန် များစွာ အခမဲ့ လေ့လာဆောင်ရွက်ပြီး မှ အောင်အောင်မြင်မြင် လုပ်နိုင် ခဲ့တာ ဖြစ်သလို .... စိတ်ဖိစိးမှုများတဲ့ အတွက် တစ်နေ့တခြား ရုပ်ကျလာတဲ့ ကိုယ့် မျက်နှာ ကိုယ် စိတ်တိုင်း မကျ ၊ စိတ်ညစ် လှတာ မို့ ... ဇရာ ၏ သဘောတရား ၊ အသားအရည် အမျိုးမျိုး ၏ သဘောတရား ၊ စက်ပစ္စည်း ကိရိယာ အမျိုးမျိုး ၏ သဘောတရားများစွာ ကို လေ့လာလို သဖြင့် Quality အာမခံချက်ရှိသည့် စက်ပစ္စည်း အမျိုးမျိုး နှင့် Skin Care အမျိုးမျိုး ကို ၀ယ်ယူ၍ ကျွန်မ မျက်နှာ နှင့် တကွ လူပေါင်း များစွာ ၏ အသားအရည် အမျိုးမျိုး ကို အကြိမ်ပေါင်းများစွာ အခမဲ့ စမ်းသပ် လေ့လာခဲ့ပြီး Product Knowledge ဆိုတာ ကို သေသေချာချာ နားလည် ကျွမ်းကျင်စွာ တာဝန်ယူပေးနိုင်မှ သာ ... ကျွန်မ ဆိုင် မှာ ယခု လက်ရှိ လုပ်ကိုင်နေသည့် Facial Service အမျိုးမျိုးကို .... ကျွန်မ ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှုရှိစွာ နှင့် ကျွန်မ ဆိုင် ကို လာသည့် Customer များ ၏ မျက်နှာ ပြသနာ အမျိုးမျိုး နှင့် ခန္ဓာကိုယ် အမျိုးမျိုး ကို အထူး အာမခံ နှင့် လက်ခံ ဆောင်ရွက်ပေးနေခြင်းဘဲ ဖြစ် ပါတယ် .....
တခါ .... '' နင့် မှာ အလုပ် အတွက် ကိုးကွယ်တဲ့ ဘုန်းကြီး ၊ ဗေဒင်ယတြာ နဲ့ အဆောင် ၊ အစီအရင်တွေ ဘာတွေ ရှိရင် ငါ တို့ ကိုလည်း မျှဝေပါအုံး '' .... တဲ့ .....
တကယ်တမ်း အလုပ် တစ်ခု အောင်မြင်ဖို့ အတွက် ကံ ကိုဘဲ အားကိုးပြီး လုပ်ခဲ့ရသလား .... စိတ် ဒုက္ခ ၊ လူ ဒုက္ခ ၊ အမျိုးမျိုးခံပြီး လူ လက်ခံ ယုံကြည်မယ့် နေရာလေး တစ်နေရာ ရဖို့အတွက် ဘယ်လောက် စိတ် /လူ ဆင်းရဲ ပင်ပန်းခြင်းများစွာဖြင့် ..... လုပ်ခဲ့ရသလဲ .... ဆိုတာ ကျွန်မ ဘဲ သိသလို .... အထိုက်အလျှောက် ဆိုင် မှာ စိတ်မသန့်တာ လေး ရှိခဲ့ရင် ဘုရား နှုတ်ကပတ်တော် ဖြစ်တဲ့ ပရိတ်ရေ ကို သာ သပြေခက်လေး နဲ့ တစ်ဆိုင်လုံး ကို လိုက်ဖြန်း လိုက်ရရင် ကျွန်မ စိတ် အတွက် ပြီးပြည့်စုံ ၊ လုံလောက်စေတဲ့ အစီအရင် ဘုရား ယတြာသာ ဖြစ်တာမို့ ..... အလုပ် အောင်မြင်ဖို့ အတွက် ကို ဘယ်ဘုန်းကြီး ၊ ဘယ်ဗေဒင် ဆရာဆီ ကို မှ မသွားဘဲ ...... အောင်မြင်လည်း ကိုယ်ကြောင့် ၊ ကျရှုံးလည်း ကိုယ့်ကြောင့် ၊ လူပါးလည်း ကိုယ့်ကြောင့် လို့သာ ခံယူပြီး .... တစ်ဆိုင်လုံး ရဲ့ လိုအပ်ချက် မှန်သမျှ ကို ကိုယ့် နည်း ကိုယ့် ဟန် နဲ့ သာ အပြစ်ရှာ ပြီး ကြိုးစားပြုပြင်ခဲ့တာသာ ဖြစ်ပါတယ်.....
သူတို့ မြင်ကြတဲ့ ပေါက်ကရ လုပ်ပြီး အောင်မြင်တယ် ဆိုတဲ့ ကျွန်မ တကယ်တမ်း က ........
ပေါက်တတ်ကရ လုပ်လာတာ မဟုတ်ပါဘူး ...... သမားရိုးကျကနေ ခွဲထွက်အောင် လုပ်ခဲ့တာပါ .....
အခုခေတ် မှာ လူတော်တော်များများ က အလုပ် တစ်ခု ကို သူများ လုပ်ရင် လိုက်လုပ်ချင်ကြသလို ၊ သူများအောင်မြင်ရင် ဘာကြောင့် အောင်မြင်သလဲ မစဉ်းစားဘဲ .... လိုက်ဖွင့်ချင်ကြတဲ့ ခေတ် မှာ.......
ကျွန်မ အတတ်နိုင်ဆုံး .... သူများတကာ သိပ် မလုပ်တဲ့ အလုပ် နဲ့ .... ကျွန်မ ကျင်လည် နေ့စဉ် လုပ်ကိုင်နေတဲ့ အမျိုးသမီးလောက နဲ့လည်း အကျုံးဝင်မှုရှိပြီး အမျိုးသမီးများ ရဲ့ သမရိုးကျ အလှအပ Service Market မှာ ရှိ မနေတဲ့ ၊ လုပ်တဲ့သူ နည်းနေတဲ့ အမျိုးသမီးတွေ အများဆုံး ရဲ့ စိတ်ဝင်စားမှု ကို ရနိုင်မယ့် အလုပ်လေးတွေ ကို သာ ရွေးခြယ်ပြီး လုပ်ခဲ့တာသာ ဖြစ်သလို လုပ်သမျှ အလုပ်တိုင်း ကို လည်း မလုပ်ခင်မှာ ..... ဒီ အလုပ် ကို လုပ်ရင် အကျိုး အပြစ် ဘာဖြစ်နိုင်မယ် .... ဆိုတာ က အစ ချိန်ဆပြီး မှ လုပ်ကိုင်သလို ၊ လက်ရှိ မှာ လုပ်နေတဲ့ ဆိုင် ဘယ်နှစ်ဆိုင် ရှိတယ် ဆိုတာ နဲ့ အဲဒီ ဆိုင် တွေ ကို လာတဲ့ လူတွေ ရဲ့ လက်ခံ ယုံကြည်မှု ကောင်း၏ ၊ ဆိုး၏ ဆိုတာ အပြင် ၊ ဒီ Service အသစ် ကို စလုပ် လိုက်လျှင်ဖြင့် .... ဘယ် Market အလွှာ ကတော့ ကိုယ့် ဆီလာနိုင် တယ် ၊ မလာနိုင်ဘူး ၊ ကိုယ် ထင်သလို ဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး .... ကို က အစ သေသေချာချာ ချင့်ချိန် တွက်ချက် ပြီး မှ လုပ်ခဲ့တာ ဖြစ်ပါတယ် .....
အလုပ်ချင်းတူ လို့ တချိန် မှာ ကိုယ့် ထက် စက်ပစ္စည်း ပိုသာမယ် ၊ Decoration ပို ခမ်းနားမယ် ဆိုရင် ......
For Show အလုပ် လုပ်တာ မဟုတ်တဲ့ ကျွန်မ For Show အလုပ်လုပ်တဲ့ သူတွေ နဲ့ သူသူ ကိုယ်ကိုယ် ယှဉ်စတမ်း ဆိုရင် ငွေကြေး အားဖြင့် ဘယ်လိုမှ မယှဉ်ပြိုင်နိုင်တဲ့ အတွက် .....ကိုယ် လုပ်တဲ့ အလုပ်တိုင်း ကို ကျွမ်းကျင်မှု နဲ့ အတွေ့အကြုံ မှာသာအောင် အကောင်းဆုံး ကြိုးစားပြီး လုပ်ခဲ့သလို ၊ လာတဲ့ သူတွေ ရဲ့ ယုံကြည်မှု ကို အဓိက တည်ဆောက်ချင် တာ ဖြစ်တဲ့ အတွက် လည်း ပိုက်ဆံ မျက်နှာ တစ်ခုထဲ ကို မကြည့်ဘဲ အချိန် ကာလတွေ အများကြီး ရင်းနှီးပေးဆပ်ခဲ့ရပါတယ် .....
'' နင့် ဆီ ကျတော့ Internet ပေါ် က နေ လူတွေ လာလိုက်တာတဲ့ ...... ငါ တို့ ဆိုင်လည်း တင်တာဘဲ .... Internet Market ရယ် လို့ ထူးပြီး ရမလာပါဘူး '' .... တဲ့ ...
ကျွန်မ လည်း နားမလည်ခင် တစ်ခုသော အချိန်အခါ ကာလများ က လူပြောများလှတဲ့ Internet ဆိုတာကြီးပေါ် ကိုယ်ပိုင် Website တစ်ခု ၀ယ်ပြီး တင်ထားလိုက်ရင် ၊ ဒါမှမဟုတ် Social Website အင်မတန် မှ ကြီးကျယ်လှပါတယ် ဆိုတဲ့ ... Facebook စာမျက်နှာပေါ် ကိုယ့် ဆိုင်ကြော်ငြာတင် လိုက်ရင် .... တန်းခနဲ လူ စိတ်ဝင်စားမှု ရပြီး .... Mail Box မှာ ၊ Wall ပေါ်မှာ .... လူတွေ အများကြီး ရဲ့ သိချင် တာတွေ လာလာ မေးလို့ ..... အဆင်ပြေလိုက်တာ ... လွယ်လွယ်လေး ဘဲ .... လို့ထင်ခဲ့ပေမယ့် ......ကိုယ် က Celebrity မဟုတ်တဲ့ အတွက် .... Internet ပေါ် တင်လိုက်တိုင်း လူ စိတ်ဝင်စားမှု မရနိုင်ဘူး ဆိုတာ သိလာတာမို့ .....
ကျွန်မ .... အားရင် အားသလို ...... ကျွန်မ ဘ၀ ရဲ့ ကုန်ကြမ်းတွေ နဲ့ ကျွန်မ ဖြတ်သန်းလာရတဲ့ အလှအပ နဲ့ ပတ်သက်တာ ၊ အလုပ် နဲ့ ပတ်သက်တာ ၊ မိသားစု နဲ့ ပတ်သက်တာ စတဲ့ ဗဟုသုတလေးတွေ ကို Sharing လုပ်ရင်း နဲ့ဘဲ မိတ်ဆွေသစ် ရအောင် ၊ ကိုယ့် ကို လူချစ် လူခင်များအောင် ၊ လူတွေ ရဲ့ ယုံကြည်မှုရအောင် အချိန် အများကြီး ယူပြီး တဖြည်းဖြည်းချင်း ရင်းနှီးမြှပ်နှံ ပေးဆပ်ခဲ့ရပါတယ် ......
အင်တာနက် က နေ လူ လာတော့ နံပါတ် ( ၁ ) က ကြော်ငြာ Cost တစ်ခု တော်တော်လေး သက်သာသလို ..... ခေတ်
ရေစီးကြောင်း ရဲ့ Market တစ်ခုလည်း ရတယ် ဆိုပေမယ့် ..... သူတို့ သတိ မပြုမိတာ က တစ်ခု လိုချင်ရင် တစ်ခု အရင် ပြန်ပြီး ပေးဆပ်ရမယ် ..... ဆိုတာ .... ပါဘဲ .....
အဲဒီ အတွက် ကိုယ် က လိုချင်တဲ့ သူ ၊ အရင် လုပ်မှာလား ..... အရင်ဆုံး ပေးဆပ်မှာလား ......ဘာနည်း နဲ့ ပေးဆပ် ဝေမျှမှာလဲ ........ဗြုန်းကနဲ ပွဲဆူလို့ ၊ လူ အုန်းအုန်း ထစေချင်တာလား ....... တကယ်တမ်း အဲဒါတွေ က တပွဲထိုးဘဲ ရနိုင်ပါတယ် .....
( ဒီ အချက်တွေ အားလုံးက အပြင် လူတွေ သတိ မပြုမိခဲ့တဲ့ ...... ကျွန်မ ရဲ့ ခံယူချက်တွေ နဲ့ ကျွန်မ အလုပ် ရဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေဘဲ ဖြစ်ပါတယ် .... လို့ .... ကျွန်မ ကို ချစ်တဲ့ Facebook က မိတ်ဆွေ / သူငယ်ချင်းများစွာ ကို တိုးတိုး တိတ်တိတ် ပြန်လည် မျှဝေလိုက်ပါတယ် .... ရှင် )
အခုခေတ်
မှာ လူတော်တော်များများ က အလုပ် တစ်ခု ကို သူများ လုပ်ရင်
လိုက်လုပ်ချင်ကြသလို ၊ သူများအောင်မြင်ရင် ဘာကြောင့် အောင်မြင်သလဲ
မစဉ်းစားဘဲ .... လိုက်ဖွင့်ချင်ကြတဲ့ ခေတ် မှာ.......
ကျွန်မ အတတ်နိုင်ဆုံး .... သူများတကာ သိပ် မလုပ်တဲ့ အလုပ် နဲ့ .... ကျွန်မ
ကျင်လည် နေ့စဉ် လုပ်ကိုင်နေတဲ့ အမျိုးသမီးလောက ရဲ့ အလှအပ Service Market
မှာ ရှိမနေတဲ့ ၊ လုပ်တဲ့သူ နည်းနေတဲ့ အမျိုးသမီးတွေ အများဆုံး ရဲ့
စိတ်ဝင်စားမှု ကို ရနိုင်မယ့် အလုပ်လေးတွေ ကို သာ ရွေးခြယ်ပြီး လုပ်ခဲ့တာသာ
ဖြစ်သလို လုပ်သမျှ အလုပ်တိုင်း ကို လည်း မလုပ်ခင်မှာ ..... ဒီ အလုပ်ကို
လုပ်ရင် အကျိုးအပြစ် ဘာဖြစ်နိုင်မယ် .... ဆိုတာ က အစ ချိန်ဆသလို ၊ လက်ရှိ
မှာ လုပ်နေတဲ့ ဆိုင် ဘယ်နှစ်ဆိုင် ရှိတယ် ဆိုတာ နဲ့ အဲဒီ ဆိုင် တွေ ကို
လာတဲ့ လူတွေ ရဲ့ လက်ခံ ယုံကြည်မှု ကောင်း၏ ၊ ဆိုး၏ ဆိုတာ အပြင် ၊ ဒီ
Service အသစ် ကို စလုပ် လိုက်လျှင်ဖြင့် .... ဘယ် Market အလွှာ ကတော့
ကိုယ့်ဆီလာနိုင် တယ် ၊ မလာနိုင်ဘူး ၊ ကိုယ် ထင်သလို ဖြစ်နိုင်တယ် ၊
မဖြစ်နိုင်ဘူး .... ကို က အစ သေသေချာချာ ချင့်ချိန် တွက်ချက် ပြီး မှ
လုပ်ခဲ့တာ ဖြစ်ပါတယ် .....
Subscribe to:
Posts (Atom)